Border News Agency
နေပြည်တော်၊ ဧပြီ ၂၈။
ကုလသမဂ္ဂမြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က သူ့ရဲ့ ရာထူးက မနားယူခင် နောက်ဆုံးအစီရင်ခံစာကို ထုတ်ပြန်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို ထိရောက်တဲ့ ပြစ်ဒဏ်တွေပေးဖို့ နိုင်ငံတကာကို တိုက်တွန်းလိုက်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ ဆယ်စုနှစ်နဲ့ချီပြီး ဘယ်လိုရာဇဝတ်မှုမျိုးပဲ ကျူးလွန်ပါစေပြစ်ဒဏ်ကနေ အမြဲကင်းလွတ်ခွင့်ရနေတဲ့ အစဉ်အလာဆိုးကို အဆုံးသတ်ဖို့ ဖြစ်ပါတယ်။
အဲဒီအစီရင်ခံစာထဲမှာ အာဏာသိမ်းစစ်ခေါင်းဆောင်တွေဟာ တရားဥပဒေရဲ့ အထက်မှာ ရှိနေသလိုမျိုး လုပ်ဆောင်နေတာကြောင့် နိုင်ငံဟာလူ့အခွင့်အရေးဆိုင်ရာ ကပ်ဘေးဆိုးကြီးနဲ့ ရင်ဆိုင်နေရတယ်လို့ ထောက်ပြထားပါတယ်။
ဒါကြောင့် မြန်မာပြည်သူတွေကို နှိပ်စက်နေတဲ့ စစ်တပ်ရဲ့စွမ်းဆောင်ရည်တွေကို အမြစ်ပြတ် ဖျက်ဆီးပစ်ဖို့နဲ့ တာဝန်ရှိတဲ့ စစ်ဗိုလ်ချုပ်တွေကို တရားဥပဒေအရ အရေးယူဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ အရပ်သားတွေကို တိုက်ခိုက်တာ၊တိုင်းရင်းသားတွေကို နှိပ်စက်တာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေလိုကြီးလေးတဲ့ ရာဇဝတ်မှုတွေကို ဆက်တိုက်ကျူးလွန်နေပေမယ့် ဒီနေ့အထိ ထိပ်ပိုင်းစစ်ဗိုလ်ချုပ် တဦးမှ တာဝန်ခံမှုမရှိသေးတဲ့အပေါ် ပြည်သူတွေစိတ်ပျက်နေကြရတယ်လို့ဆိုပါတယ်။
နိုင်ငံတကာမှာ အရေးယူနိုင်တဲ့ သက်သေတွေ ခိုင်ခိုင်လုံလုံ ရှိနေပေမယ့် တရားမျှတမှုကတော့ အလှမ်းဝေးနေဆဲပဲလို့ဆိုပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာ့အရေးကို နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) ထံ လွှဲပြောင်းပေးဖို့ ပျက်ကွက်နေတာဟာ ကမ္ဘာကြီးရဲ့ တရားမျှတမှုဆိုင်ရာကတိကဝတ်ကို ဖောက်ဖျက်တာပဲလို့ ဝေဖန်ထားပါတယ်။
“မြန်မာပြည်သူတွေအတွက် တရားမျှတမှု နောက်ကျနေတာဟာ တရားမျှတမှု လုံးဝမရှိတာနဲ့ အတူတူပဲ” လို့ Tom Andrews က သူ့ရဲ့ အစီရင်ခံစာမှာရေးသားထားတာပါ။
အဲဒီအပြင် နိုင်ငံတကာမှာ မြန်မာ့ပြဿနာကို ဖြေရှင်းဖို့ အခွင့်အလမ်းတွေ ရှိနေပေမယ့် ပြတ်သားတဲ့ နိုင်ငံရေးဆန္ဒ လိုအပ်နေတယ်လို့လည်းဆိုပါတယ်။
ဗြိတိန်နဲ့ အာဆီယံတို့က အာဏာသိမ်းစစ်ခေါင်းဆောင်တွေအပေါ် ဖိအားပေးတာနဲ့ ဝိုင်းပယ်တာမျိုးတွေကို ရှေ့ကနေ ဦးဆော
င်လုပ်ပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။






