Border News Agency
အမေရိကန်၊ မေ ၁၆။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ ပြည်သူ့ရှေ့မှောက်ခြိမ်းခြောက်တာ၊ ရာဇသံပေးတာတွေနဲ့ ဖိအားပေးတဲ့သံတမန်ရေးရာဗျူဟာဟာ ကမ္ဘာ့စီးပွားရေးကိုလှုပ်ခတ်နေတဲ့ အီရန်စစ်ပွဲကို အဆုံးသတ်ဖို့ကြိုးပမ်းရာမှာတော့ အကြပ်အတည်းဆိုက်နေပြီး ရှေ့မတိုးနိုင်ဖြစ်နေတယ်လို့ နိုင်ငံရေးလေ့လာဆန်းစစ်သူတွေက ထောက်ပြလိုက်ပါတယ်။
အဲဒီနှစ်ဖက်ညှိနှိုင်းမှုတွေ အဆင်မပြေဖြစ်နေတာ ၁၁ ပတ်ခန့်ရှိလာပြီဖြစ်လို့ သမ္မတထရမ့်ဘက်က ပိုပြီးမကျေမနပ်ဖြစ်ကာ တင်းမာတဲ့စကားလုံးတွေ သုံးစွဲနေပေမယ့်လည်း ကမ္ဘာ့စွမ်းအင်ဈေးကွက်ကို အဓိကထိန်းချုပ်ထားတဲ့ အီရန်နိုင်ငံဘက်ကတော့ လျှော့ပေးမယ့် အလားအလာမတွေ့ရသေးပါဘူး။
သမ္မတ ထရမ့်ဟာ ပြီးခဲ့တဲ့လက အီရန်ကို ကမ္ဘာ့မြေပုံပေါ်က ဖျက်ဆီးပစ်မယ်လို့အထိ ပြင်းပြင်းထန်ထန် ခြိမ်းခြောက်ခဲ့ဖူးသလို ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားရင် အီရန်နိုင်ငံအတွင်းကနေ အလင်းတန်းကြီးတခု ထွက်ပေါ်လာတာကိုမြင်တွေ့ရလိမ့်မယ်လို့ နျူကလီးယားလက်နက်သုံးစွဲနိုင်ခြေကို အရိပ်အမြွက်ပြောဆိုခဲ့ပါသေးတယ်။
ဝေဖန်ဆန်းစစ်သူတွေရဲ့အဆိုအရ အမေရိကန်ရဲ့ စစ်ရေးအရတိုက်ခိုက်မှုတွေကြောင့် အီရန်ထိပ်ပိုင်းခေါင်းဆောင်တွေသေဆုံးပြီး စစ်အင်အားထိခိုက်ခဲ့ရပေမယ့်လည်း အီရန်အစိုးရဟာ သူတို့ရဲ့ ပြည်တွင်းမျက်နှာပန်းအတွက် အလွယ်တကူအရှုံးပေးမှာမဟုတ်ဘဲ ဟောမုဇ်ရေလက်ကြားကို ဆက်လက်ပိတ်ဆို့ထားပြီး အမေရိကန်ကိုတုံ့ပြန်နေတာ ဖြစ်ပါတယ်။
အမေရိကန်ပြည်တွင်းမှာ လောင်စာဆီဈေးနှုန်းတွေ မြင့်တက်နေတာ၊ လာမယ့်နိုဝင်ဘာလကြားဖြတ်ရွေးကောက်ပွဲအတွက် ရီပတ်ဘလစ်ကန်ပါတီအတွင်း ဖိအားတွေရှိနေတာကြောင့် သမ္မတထရမ့်အနေနဲ့ ဒီစစ်ပွဲကို အမြန်ဆုံးအဆုံးသတ်ချင်နေပေမယ့် အီရန်ဘက်ကတော့ အချိန်ဆွဲပြီးဆွေးနွေးလေ့ရှိတာကြောင့် အကျပ်ရိုက်နေတယ်လို့ဆိုပါတယ်။




