Border News Agency
ဗြိတိန်၊ မေ ၂၁။
အခုနောက်ဆုံးမျိုးဗီဇပြောင်းလဲလာတဲ့ အီဘိုလာဗိုင်းရပ်စ် (ဘွန်ဒီဘူညိုမျိုးစိတ်)အတွက် ကာကွယ်ဆေးအသစ် ထွက်လာဖို့ ၉ လအထိ အချိန်ကြာမြင့်နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ပါတယ်။
အဲဒီမျိုးစိတ်ကိုတိုက်ဖျက်နိုင်မယ့် အလားအလာရှိတဲ့ ကာကွယ်ဆေးနှစ်မျိုးကို ဖော်စပ်နေပေမယ့် လူသားတွေနဲ့ လက်တွေ့စမ်းသပ်တဲ့အဆင့်ကိုတော့ မရောက်သေးဘူးလို့ WHO ရဲ့ အကြံပေးပုဂ္ဂိုလ် ဒေါက်တာဗက်ဆီမော်သီက မေလ ၂၀ ရက်နေ့မှာ ပြောပါတယ်။
WHO အနေနဲ့ ဒီအီဘိုလာရောဂါကို နိုင်ငံတကာ စိုးရိမ်ဖွယ်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာထားပေမယ့် ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအဆင့်အထိတော့ မသတ်မှတ်ရသေးပါဘူး။
လက်ရှိကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အီဘိုလာကူးစက်မှုဟာ အရင်ကထက် အဆမတန်ပိုမိုကြီးမားနေပြီး သေဆုံးသူတွေထဲမှာ ကျန်းမာရေးဝန်ထမ်းတွေပါ ပါဝင်နေတာကြောင့် အထူးစိုးရိမ်ရတယ်လို့ WHO အကြီးအကဲက ဆိုပါတယ်။
ဗြိတိန်အစိုးရကတော့ ဒီကူးစက်မှုကို ထိန်းချုပ်ဖို့ ကွန်ဂိုနိုင်ငံကို ဗြိတိန်ပေါင် သန်း ၂၀ ကူညီပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။
အီဘိုလာဗိုင်းရပ်စ်ဟာ ရောဂါပိုးရှိသူရဲ့ ခန္ဓာကိုယ်ကထွက်တဲ့ အရည်တွေနဲ့ တိုက်ရိုက်ထိတွေ့တာ၊ အရေပြား ပွန်းပဲ့ပြတ်ရှနာတွေကတဆင့် ကူးစက်တတ်ပြီး ပြင်းထန်စွာသွေးယိုစီးတာနဲ့ ကိုယ်တွင်းအင်္ဂါ ပျက်စီးတာတွေ ဖြစ်စေနိုင်ပါတယ်။
ကနဦးလက္ခဏာတွေက ငှက်ဖျား၊ တိုက်ဖွိုက်တို့နဲ့ ဆင်တူတာကြောင့် ခွဲခြားရခက်ခဲလေ့ရှိပြီး လက်ရှိကွန်ဂိုနိုင်ငံဟာ ၁၇ ကြိမ်မြောက် အီဘိုလာကူးစက်မှုလှိုင်းနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။





