Border News Agency
အမေရိကန်၊ မေ ၂၁။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အီရန်နဲ့ငြိမ်းချမ်းရေးရဖို့မျှော်လင့်ချက်နဲ့ လေကြောင်းဗုံးကြဲမယ့် အစီအစဉ်တွေကိုဆိုင်းငံ့ပြီး အပစ်အခတ်ရပ်စဲရေးဘက်ဦးတည်နေပေမယ့် အစ္စရေးနိုင်ငံရေးခေါင်းဆောင်ပိုင်းကတော့ အီရန်နဲ့စစ်ပွဲပြန်စဖို့ပြင်ဆင်နေတယ်လို့ အယ်လ်ဂျာဇီးယား သတင်းမှာ ဖော်ပြထားပါတယ်။
အစ္စရေးလွှတ်တော်အမတ်တွေနဲ့ လုံခြုံရေးဆိုင်ရာကက်ဘိနက်အဖွဲ့ဟာ အီရန်နဲ့စစ်ရေးတင်းမာမှုတွေပြန်စတင်ဖို့ ဒုတိယအကြိမ်မြောက် အရေးပေါ်အစည်းအဝေးထိုင်ခဲ့ကြသလို ညာဘက်စွန်းအစ္စရေးရုပ်သံလိုင်းတခုက တင်ဆက်သူတဦးဆိုရင် အီရန်နိုင်ငံတဟီရန်မြို့က ယူရေနီယံ သိုလှောင်ရုံတည်နေရာအပါအဝင် အစ္စရေးရဲ့လျှို့ဝှက်စစ်ဆင်ရေးအစီအစဉ်တွေကိုပါ မှားယွင်းဖွင့်ချမိတဲ့အထိဖြစ်ပွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့က အမေရိကန်ရဲ့ကြားဝင်မှုနဲ့ရရှိခဲ့တဲ့ အပစ်ရပ်စဲရေးဟာ အစ္စရေးအစိုးရအတွက် နိုင်ငံရေးအရအထိနာစေခဲ့ပြီး အတိုက်အခံခေါင်းဆောင်တွေကလည်း ဝန်ကြီးချုပ်နေတန်ယာဟုကို ပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ်။
ဒါ့အပြင် အစ္စရေးပြည်သူအများစုကလည်း အီရန်ကိုအဓိကရန်သူအဖြစ်ရှုမြင်ထားကြပြီး အခုလိုစစ်ပွဲကိုစောစောစီးစီးအဆုံးသတ်လိုက်တာဟာ နိုင်ငံလုံခြုံရေးကို ထိခိုက်စေတယ်လို့ ယူဆနေကြတာပါ။
နိုင်ငံရေးလေ့လာသူတွေရဲ့ သုံးသပ်ချက်အရ ဝန်ကြီးချုပ်နေတန်ယာဟုအနေနဲ့ အီရန်နဲ့စစ်ပွဲပြန်စချင်ရတဲ့ အချက် ၃ ချက် ရှိနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက် ဟားမတ်စ်တိုက်ခိုက်မှုတုန်းကရှိခဲ့တဲ့ စစ်ထောက်လှမ်းရေးပျက်ကွက်မှုတွေကနေ ပြည်သူတွေ အာရုံလွှဲသွားစေဖို့၊ အီရန်နဲ့ စစ်ပွဲအတွင်း ဘာအောင်မြင်မှုမှမရခဲ့ဘဲ စစ်ပွဲမပြီးပြတ်သေးတာကို အဆုံးသတ်ဖို့ဖြစ်ပါတယ်။
အဲဒီအပြင်လာမယ့် ဩဂုတ်လမှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေးအရ အသာစီးရဖို့စတာတွေကြောင့်ဖြစ်ပါတယ်။
ဒါပေမယ့် လက်တွေ့မှာတော့ အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်လိုက်တာနဲ့ ဒေသတွင်းကအမေရိကန်မဟာမိတ်နိုင်ငံတွေကို ပြန်လည်တိုက်ခိုက်ခဲ့တာတွေကြောင့် ကမ္ဘာ့စီးပွားရေးဈေးကွက်ကမောက်ကမဖြစ်ခဲ့ရပြီး အမေရိကန်ဘက်က စစ်ပွဲကိုဆက်လက်ဆင်နွှဲဖို့ စိတ်အားထက်သန်မှု လျော့နည်းသွားခဲ့ပါတယ်။
အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က အမေရိကန်ဘက်ကမီးစိမ်းပြလိုက်တာနဲ့ အီရန်ကိုကျောက်ခေတ်ရောက်အောင် ပြန်ဗုံးကြဲဖို့ အသင့်ပဲလို့ ကြုံးဝါးထားပေမဲ့လည်း၊ ပညာရှင်တွေကတော့ အမေရိကန်ကခွင့်မပြုရင် အစ္စရေးအနေနဲ့ စစ်ပွဲပြန်စဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်ထားကြပါတယ်။
သမ္မတ ထရန့်ကလည်း နေတန်ယာဟုနဲ့ ဖုန်းပြောဆိုပြီးနောက် “သူနေတန်ယာဟုဟာ ငါလုပ်စေချင်တာမှန်သမျှကို လုပ်ရမှာပဲ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။





