Border News Agency
အိန္ဒိယ၊မေ ၂၂။
အိန္ဒိယနိုင်ငံ၊မဏိပူရ်ပြည်နယ်၊ချူရာချန်ပူရ် ခရိုင်မှာ မြန်မာနိုင်ငံသားတဦးအပါအဝင် အမျိုးသား ၂ ဦးကို ဘရောင်းရှုဂါ (Brown Sugar) မူးယစ်ဆေးဝါးတွေနဲ့အတူ မဏိပူရ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
အဲဒီဖမ်းဆီးမှုကို မေလ ၂၀ ရက်နေ့က အမျိုးသားအဝေးပြေးလမ်းအမှတ် ၁၀၂ ဘီပေါ်ရှိ ဆင်းဂတ်ဒေသမှာ ရဲတပ်ဖွဲ့က ရှာဖွေစစ်ဆေးရာကနေ ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေမှာမြန်မာနိုင်ငံ၊ ဖိုင်မွလ် ကျေးရွာက အသက် ၃၁ နှစ်အရွယ် မောင်ခုပ်ဆီယံခိုင်နဲ့ မဏိပူရ်ပြည်နယ်၊ဆွမ်ဒိုင်းကျေးရွာက အသက် ၃၄ နှစ်အရွယ် မောင်ဒေါ့ခန်နလ် တို့ ဖြစ်ကြပါတယ်။
သူတို့ဆီကနေ Kenbo ဆိုင်ကယ်တစီးနဲ့အတူ ဆပ်ပြာခွက် ၅၅ ခွက်ထဲ ထည့်သွင်းသယ်ဆောင်လာတဲ့ အလေးချိန် ၂ ဒသမ ၁၂၇ ကီလိုဂရမ်ရှိ ဘရောင်းရှုဂါ မူးယစ်ဆေးဝါးများကို ရဲတပ်ဖွဲ့က သက်သေခံအဖြစ် သိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီဖမ်းဆီးရမိသူနှစ်ဦးကို မဏိပူရ်ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များကို ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့သိရပါတယ်။






