Border News Agency
ယော၊မေ ၂၂။
ဂန့်ဂေါ – မင်းတပ်လမ်းမှာ တိုက်ပွဲပြင်းထန်နေလို့ စစ်ရေးသတင်းတွေ မီဒီယာပေါ်မတင်ဖို့ ယောတပ်တော်က မေလ ၂၂ ရက်၊ ဒီနေ့မှာ သတိပေးထုတ်ပြန်ထားပါတယ်။
ယောဒေသတွင်းက ပေါက် – တပ်ပိုင်း – ကျောက်ထုလမ်းမကြီးအတိုင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အာဏာသိမ်းစစ်တပ် စစ်ကြောင်းတွေကို ယောတပ်တော် (YA) နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက ခုခံတိုက်ခိုက်နေတာကြောင့် နေ့စဉ်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ဆိုပါတယ်။
စစ်ရေးအခြေအနေဟာ အရေးကြီးတဲ့ကာလဖြစ်နေလို့ လမ်းပိုင်းတလျှောက်က တိုက်ပွဲသတင်းတွေနဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဘယ်သူတဦးတစ်ယောက်မှ မီဒီယာတွေဆီပြောပြတာမျိုးနဲ့ လူမှုကွန်ရက်ပေါ်တင်တာမျိုးတွေ လုံးဝ မလုပ်ကြဖို့ သတိပေးထားတာပါ။
စစ်ရေးကာလအတွင်း သတင်းထုတ်ပြန်ဖို့လိုအပ်လာရင်လည်း တပ်ပေါင်းစုရဲ့သတင်းလုံခြုံရေးကို အဓိကထားပြီး တရားဝင် ထုတ်ပြန်ပေးသွားမှာဖြစ်သလို ဘယ်မီဒီယာကိုမဆို တဦးချင်းပုဂ္ဂိုလ်ရေးအရ ဖြေကြားမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
ဒါကြောင့် မီဒီယာတွေအနေနဲ့လည်း စစ်ရေးပြင်းထန်နေတဲ့ ကာလလယ်မှာ သတင်းလုံခြုံရေးကို အထူးဂရုစိုက်ပြီး ပူးပေါင်းဆောင်ရွက်ပေးကြဖို့ ယောတပ်တော်က မေတ္တာရပ်ခံထားပါတယ်။






