Border News Agency
ထိုင်း၊ မေ ၂၂။
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်ထဲကို တရားမဝင်ခိုးဝင်လာတဲ့ ကလေးငယ် ၂ ဦးအပါအဝင် မြန်မာနိုင်ငံသား ၁၀ ဦးနဲ့ သူတို့ကိုတင်ဆောင်လာတဲ့ လမ်းပြထိုင်းယာဉ်မောင်း ၁ ဦးတို့ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။
အဲဒီကန်ချနဘူရီခရိုင်၊ မူအန်းမြို့နယ်၊ အမှတ် ၃၂၃ လမ်းမကြီးပေါ်မှာ မေလ ၂၁ ရက်နေ့ကသံသယဖြစ်ဖွယ် ဗန်ကားတစီးကို ထိုင်းပူးပေါင်းအဖွဲ့တွေက တားဆီးစစ်ဆေးရာကနေ အထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
အဲဒီကားပေါ်မှာပါလာတဲ့ မြန်မာနိုင်ငံသားတွေဟာ ခရီးသွားလာခွင့်စာရွက်စာတမ်းနဲ့ ထိုင်းနိုင်ငံအတွင်း တရားဝင်နေထိုင်ခွင့် အထောက်အထားတစုံတရာ ပြသနိုင်တာမရှိကြပါဘူး။
အဲဒီဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသား ၁၀ ဦးကို တရားမဝင်ခိုးဝင်မှု၊ ထိုင်းယာဉ်မောင်းကိုတော့ တရားမဝင်နိုင်ငံခြားသားတွေကို ကူညီဖုံးကွယ်ပေးမှုတွေနဲ့ လတ်ယာရဲစခန်းဆီ လွှဲပြောင်းပြီး ဥပဒေအရ အရေးယူဖို့ ဆောင်ရွက်နေပါတယ်။












