Border News Agency
နေပြည်တော်၊မေ ၂၉။
လာမယ့်ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်မြောက် မွေးနေ့မှာ သူမသက်ရှိထင်ရှား ရှိ၊ မရှိ သက်သေပြဖို့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်တောင်းဆိုမှုအဖြစ် ၈၁ နဲ့ဆိုင်တဲ့ လှုပ်ရှားမှုတွေမှာ ကိုယ်စီပါဝင်ကြဖို့ သားဖြစ်သူ ကိုထိန်လင်းက တောင်းဆိုလိုက်ပါတယ်။
အဲဒီလှုပ်ရှားမှုမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ်ပြည့်ကိုရည်ညွှန်းပြီး ခြေလှမ်း ၈၁,၀၀၀ လျှောက်တာ၊၈၁ ကီလိုမီတာ ပြေးတာဒါမှမဟုတ် ၈၁ မိုင် စက်ဘီးစီးတာမျိုးတွေလုပ်ဆောင်ပြီး လူမှုကွန်ရက်ပေါ်မှာ Challenge အနေနဲ့ ပူးပေါင်းပါဝင်ကြဖို့ တောင်းဆိုထားတာပါ။
အဲဒီအစီအစဉ်ကို ဇွန်လ ၁ ရက်ကနေ ၁၉ ရက်နေ့အထိ ပြုလုပ်မှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ မိမိအစီအစဉ်နဲ့မိမိ အဆင်ပြေမယ့် နည်းလမ်းတွေနဲ့လည်း ပါဝင်နိုင်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီး ၅ နှစ်ကျော်ကြာတဲ့အထိ ဒေါ်အောင်ဆန်းစုကြည်ကို အပြင်လူတွေနဲ့အဆက်အသွယ်ဖြတ်ပြီး လျှို့ဝှက်နေရာတွေမှာပြောင်းရွှေ့ချုပ်နှောင်ထားတာကြောင့် လက်ရှိမှာ သူမကျန်းကျန်းမာမာ ရှိ၊ မရှိ မသိရသေးတဲ့ အခြေအနေဖြစ်နေပါတယ်။
သားဖြစ်သူကိုထိန်လင်းက မိခင်ဖြစ်သူရဲ့ လက်ရှိအခြေအနေမှန်ကို သိခွင့်ရဖို့ ကမ္ဘာ့ပြည်သူတွေ ဝိုင်းဝန်းဖိအားပေးကြဖို့ လိုအပ်နေပြီလို့ ဆိုပါတယ်။
ဒါ့အပြင် ဒီလှုပ်ရှားမှုဟာ မိခင်ဖြစ်သူအတွက်တင်မကဘဲ မြန်မာနိုင်ငံက မတရားဖမ်းဆီးခံထားရသူ အားလုံး လွတ်မြောက်ဖို့အတွက်ပါ ဦးတည်ထားတာကြောင့် ကမ္ဘာတစ်ဝှမ်းက ပြည်သူတွေ ညီညီညွတ်ညွတ်နဲ့ ဝိုင်းဝန်းအင်အားပြပေးကြဖို့တောင်းဆိုထားပါတယ်။





