Border News Agency
အမေရိကန်၊ မေ ၃၁။
အမေရိကန်နဲ့အီရန်တို့အကြား ရက်ပေါင်း ၆၀ ယာယီသဘောတူညီချက်ရဖို့ ဆွေးနွေးမှုတွေရှိနေပေမယ့်လည်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က စာချုပ်ပါအချက်အလက်အချို့ကို ပြင်ဆင်ဖို့တောင်းဆိုထားပါတယ်။
အမေရိကန်သမ္မတထရမ့်က အီရန်နဲ့ သဘောတူညီချက်ရယူဖို့ အလျင်စလိုမရှိကြောင်းနဲ့ သူတို့လိုချင်တဲ့အချက်တွေကို တဖြည်းဖြည်းချင်းရယူနေတယ်လို့ ပြောကြားခဲ့ပါတယ်။
အမေရိကန်သတင်းမီဒီယာတွေက ထရမ့်ဟာ အီရန်ရဲ့ နျူကလီးယားအစီအစဉ်၊ သန့်စင်ပြီးယူရေနီယံသိုလှောင်မှုတွေ လွှဲပြောင်းပေးရမယ့်အချိန်နဲ့ ဟော်မုဇ်ရေလက်ကြားပြန်လည်ဖွင့်လှစ်ရေးဆိုင်ရာကိစ္စတွေမှာ ပိုမိုတင်းကျပ်တဲ့ပြင်ဆင်ချက်တွေကို ထည့်သွင်းဖို့ သူ့အဖွဲ့ကိုညွှန်ကြားထားပါတယ်။
အဲဒီပြင်ဆင်ချက်တွေအပေါ် အီရန်ဘက်က ပြန်လည်တုံ့ပြန်ဖို့ သုံးရက်ခန့်ကြာမြင့်နိုင်တယ်လို့ သိရပါတယ်။
အဲဒီအပြင် အခြားတဖက်မှာလည်း လီဗနွန်နိုင်ငံအတွင်းသို့ အစ္စရေးစစ်တပ်က မြေပြင်ကျူးကျော်စစ်ကို တိုးမြှင့်လုပ်ဆောင်နေပြီး လီဗနွန်တောင်ပိုင်းရှိ နာဘာတီယာမြို့အနီးအပါအဝင် ဘူးဖို့ဒ်တောင်ကုန်းနဲ့ ဝါဒီအယ်လ်ဆာလူကီဒေသတွေမှာ အကြီးစားစစ်ဆင်ရေးစတင်လိုက်တယ်လို့ အစ္စရေးစစ်တပ်က ကြေညာထားပါတယ်။
အစ္စရေးတပ်ဖွဲ့တွေဟာ လီတာနီမြစ်ကိုဖြတ်ကျော်ကာ ဟစ်ဇဘိုလာအဖွဲ့အပေါ် စစ်ရေးအရ ဖိအားပေးမှုတွေတိုးမြှင့်နေတာ ဖြစ်ပါတယ်။
အစ္စရေးရဲ့ စစ်ရေးတိုးမြှင့်မှုတွေနဲ့ပတ်သက်ပြီး လီဗနွန်ဝန်ကြီးချုပ်နာဝါ့ဖ်ဆလမ်က အစ္စရေးဟာ လီဗနွန်တောင်ပိုင်းမှာ အကုန်အစင်ဖျက်ဆီးတဲ့ မြေလှန်စနစ်ကိုကျင့်သုံးနေတယ်လို့ စွပ်စွဲပြစ်တင်ထားပါတယ်။
အဲဒီမြေပြင်တိုက်ပွဲတွေအတွင်း အစ္စရေးစစ်သား ၁ ဦးထပ်မံသေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သလို အစ္စရေးဘက်ကလည်း လီဗနွန်တောင်ပိုင်းရှိလူနေအိမ်အချို့ကို ဖောက်ခွဲဖျက်ဆီးမှုတွေပြုလုပ်ခဲ့ပါတယ်။
တချိန်တည်းမှာပဲ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က သူတို့ရဲ့ရေပိုင်နက်အတွင်း ရန်လိုတဲ့စစ်ဆင်ရေး လုပ်ဆောင်ဖို့ကြိုးပမ်းတဲ့ အမေရိကန်ဒရုန်းတစင်းကိုပစ်ချခဲ့တယ်လို့ ကြေညာခဲ့သလို တနာရီကို ကီလိုမီတာ ၁၈၅ ကျော် မောင်းနှင်နိုင်တဲ့ရေတပ်တိုက်ခိုက်ရေးရေယာဉ်သစ်ကိုလည်း ထုတ်ဖော်ပြသခဲ့ပါတယ်။
အဲဒီအပြင် အီရန်စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးတွေကလည်း သူတို့နိုင်ငံအပေါ် ကျူးကျော်ရန်စမှုမှန်သမျှကို အရင်ကထက် ပိုမိုပြင်းထန်စွာ တုံ့ပြန်သွားမယ်လို့ သတိပေးထားပါတယ်။





