Border News Agency
ကျောက်ဖြူ၊ဇူလိုင် ၁။
မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားဖြစ်ထွန်းစေဖို့ဆိုပြီး တရုတ်နိုင်ငံရဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမ (BRI) စီမံကိန်းတွေကို ဆက်အကောင်အထည်ဖော်ဖို့အတွက် အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ငန်းကော်မတီပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၃၀ ရက်နေ့က နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ လုပ်ခဲ့ပါတယ်။
အဲဒီအစည်းအဝေးကို ဝန်ကြီးဌာန ၂၃ ခုက ကိုယ်စားလှယ်တွေ တက်ရောက်ပြီး စီမံကိန်းတွေ အရှိန်မြှင့်ဖို့ ဆွေးနွေးခဲ့ကြတာပါ။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံရဲ့ အဓိကမဟာဗျူဟာမြောက် စီမံကိန်းကြီးဖြစ်တဲ့ ရခိုင်ပြည်က ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းကောင်းတွေ ရှိနေတယ်ဆိုပြီး တရုတ်လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ထားပါတယ်။
အဲဒီကုန်သွယ်မှုတွေ လွယ်ကူစေဖို့အတွက် ငွေပေးချေမှုစနစ်တွေမှာလည်း တရုတ်ယွမ်ငွေနဲ့ပါ ပေးချေမှုတွေကို လက်ခံဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့်ကျောက်ဖြူစီမံကိန်းဟာ အာရက္ခတပ်တော် (AA) နဲ့ အာဏာသိမ်းစစ်တပ်တို့အကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတဲ့ စစ်မီးအလယ်က နယ်မြေမှာ တည်ရှိနေတာ ဖြစ်ပါတယ်။
နယ်မြေတည်ငြိမ်မှု လုံးဝမရှိဘဲ စစ်ရေးအရ အဘက်ဘက်က အရေးနိမ့်နေတဲ့ အာဏာသိမ်းစစ်တပ်ဟာ တရုတ်စီမံကိန်းတွေကို ပြန်အသက်သွင်းပြပြီး တရုတ်နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး ပံ့ပိုးမှုကို ရအောင် ကြိုးပမ်းနေတာလို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
အဲဒီလိုတိုက်ပွဲတွေ ပြင်းထန်နေပေမယ့် စီမံကိန်းတွေကို အရှိန်မြှင့်ဖို့ လုပ်ဆောင်တာဟာ ဒေသတည်ငြိမ်မှုမရှိသေးတဲ့ကြားက အာဏာသိမ်းစစ်တပ်က တရုတ်ရဲ့ စီးပွားရေးအကျိုးစီးပွားကိုသာ အဓိကထား ဦးစားပေးလိုက်တာဖြစ်ပြီး တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို စစ်တပ်ဘက်က အတင်းအကျပ် အာမခံချက်ပေးဖို့ ကြိုးပမ်းနေသလို ဖြစ်နေတယ်လို့ ဝေဖန်ထောက်ပြနေကြပါတယ်။
အဲဒီစီမံကိန်းတွေရဲ့ လုံခြုံရေးအကြောင်းပြချက်နဲ့ တရုတ်လုံခြုံရေးဝန်ထမ်းတွေ မြန်မာနိုင်ငံထဲကို တရားဝင် ဝင်ရောက်လာဖို့ လမ်းစဖြစ်လာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ထားကြပြီး ဒေသခံပြည်သူတွေရဲ့ သဘောဆန္ဒမပါဝင်ဘဲ အတင်းအကျပ်လုပ်ဆောင်ဖို့ ပြင်ဆင်နေတဲ့ ဒီစီမံကိန်းတွေဟာ ရှိနေပြီးသား ပဋိပက္ခတွေကိုပါ ပိုပြီး ဆိုးရွားလာစေနိုင်တယ်လို့ ထောက်ပြနေကြပါတယ်။










