Border News Agency
ပုဏ္ဏားကျွန်း၊ဇူလိုင် ၃။
အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာစတားလင့်အင်တာနက်စက်တွေကို ကုမ္ပဏီကဝန်ဆောင်မှုဖြတ်ပြီး အသုံးပြုခွင့်ကန့်သတ်လိုက်တယ်လို့ သုံးစွဲသူတွေဆီက ဆိုကြပါတယ်။
အဲဒီစတားလင့်ဝန်ဆောင်မှုနယ်မြေထဲမှာ မပါဝင်ဘဲသုံးစွဲနေတာအပြင် မူရင်းမှတ်ပုံတင်ထားတဲ့ နိုင်ငံပြင်ပမှာအသုံးပြုသတ်မှတ်ရက်ပြည့်သွားတာကြောင့် လိုင်းပိတ်အကြောင်းကြားစာတွေ ပေးလာတာဖြစ်ပါတယ်။
”စတားလင့်ပိတ်ခံရလို့ လာပြောတဲ့သူ ဆယ်ဦးကျော်ရှိနေပါပြီ။ရခိုင်တောင်ပိုင်းဘက်မှာ အလုံးတရာရှိရင် ရှစ်ဆယ်လောက် ပါသွားပြီလို့ ပြောကြတယ်။ဂြိုဟ်တုလမ်းကြောင်း ဖြတ်သွားတော့ ဂျီပီအက်စ် (GPS) အရဒီမှာရှိနေတာ ပေါ်နေတာပဲ။ခု ကျမဆီမှာတင် အလုံးတဆယ်ကျော် အပိတ်ခံရတယ်။” ပုဏ္ဏားကျွန်းမြို့နယ်ရှိစတားလင့် အင်တာနက်ဝန်ဆောင်မှု ပေးနေသူတဦးက Border News Agency ကိုပြောပါတယ်။
မြန်မာနိုင်ငံဟာ စတားလင့်နဲ့တရားဝင်စာချုပ်ချုပ်ထားတဲ့ နိုင်ငံမဟုတ်တာမို့တည်နေရာကို ကုမ္ပဏီက ပိတ်လိုက်တာဖြစ်ပါတယ်။
အဲဒီစက်တွေမှာ မီးလင်းပြီး Active ဖြစ်နေပေမယ့် အင်တာနက်အသုံးပြုလို့ မရတော့တာကြောင့် တော်လှန်ရေးနယ်မြေတွေ၊ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတဲ့ ဒေသခံတွေစိုးရိမ်နေကြပါတယ်။
”တည်နေရာပေါ်တာကတော့မြန်မာနိုင်ငံက တရားဝင်မဟုတ်ဘူးလေ။သူတို့က တည်နေရာ GPS ကို block ပစ်တယ်။စတားလင့်က active ဖြစ်နေတယ်။မီးလင်းနေတယ်။ ဒါပေမဲ့ တည်နေရာက block ခံထားရတယ်။အဲလို ဖြစ်သွားပါတယ်။” လို့ စတားလင့်စက် အပိတ်ခံရသူတဦးက Border News Agency ကိုပြောပါတယ်။
အဲဒီအကြောင်းကြားစာ မဝင်လာသေးတဲ့ စက်တွေအပိတ်မခံရအောင် ခဏပိတ်ထားဖို့ ဝန်ဆောင်မှုပေးသူတွေက အချင်းချင်း သတိပေးနေကြပြီး ဖြေရှင်းလို့ရမယ့် နည်းလမ်းကို ရှာဖွေနေကြပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ကချင်၊ ချင်း၊ မွန်၊ ကရင်၊ ကရင်နီ၊ ရှမ်းနဲ့ ရခိုင် စတဲ့ ဒေသတွေမှာ စတားလင့်အင်တာနက်ကို အဓိက အားထားအသုံးပြုနေရတာ ဖြစ်ပါတယ်။
”ခုမင်းပြားဘက်မှာလည်း အလုံးနှစ်ဆယ်ကျော် ပိတ်ခံရပြီ။ခု အေအေကလည်း အခွန်ကိုခုနှစ်လပိုင်း၊ရှစ်လပိုင်း၊ ကိုးလပိုင်းထိသုံးလစာ ကြိုကောက်သွားပြီ။ ခုလို စက်တွေပါ အပိတ်ခံရတော့ ကျမတို့ တကယ် ဒုက္ခရောက်ပြီ။”လို့ မင်းပြားမြို့နယ်က ဒေသခံတဦးက Border News Agency ကိုပြောပါတယ်။
အဲဒီအပိတ်ခံရတဲ့ စက်တွေထဲမှာ သုံးစွဲသူစနစ်တကျ မှတ်ပုံတင်မလုပ်ရသေးတဲ့ စက်တွေကော၊ မှတ်ပုံတင်ထားတဲ့ စက်တွေပါ အားလုံး ပါဝင်နေတာကြောင့် ဒေသဆိုင်ရာ မူဝါဒအပြောင်းအလဲတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
အဲဒီလို စတားလင့်မူဝါဒတွေ တင်းကျပ်လာတာဟာ ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့် (အွန်လိုင်းငွေကြေးလိမ်လည်မှု) ဂိုဏ်းတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကုန်ပိုင်းက မြဝတီ KK Park ကို ဝင်ရောက်စီးနင်းရာမှာ စတားလင့်စက် အလုံး ၃၀ ခန့် သိမ်းဆည်းရမိခဲ့သလို SpaceX ကုမ္ပဏီကလည်း မြန်မာနိုင်ငံက ငွေလိမ်စင်တာတွေမှာ သုံးနေတဲ့ စတားလင့်စက်ပေါင်း ၂,၅၀၀ ကျော်ကို ပြီးခဲ့တဲ့နှစ်က ဝန်ဆောင်မှု ဖြတ်တောက်ခဲ့တာမို့ တော်လှန်ရေးနယ်မြေတွေပါ သက်ရောက်မှု ရှိလာပါတယ်။






