Border News Agency
စလင်း၊ ဇူလိုင် ၃။
မကွေးဒေသ၊ လင်းမြို့နယ်မှာ တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ သုံးရက်အတွင်း အရာရှိနှစ်ဦးအပါအဝင် အာဏာသိမ်းစစ်သားရှစ် ဦးသေဆုံးသွားတယ်လို့ မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းက ဇူလိုင်လ ၂ရက်၊ မနေ့က ထုတ်ပြန်ပါတယ်။
အဲဒီ မြို့လှရွာမှ သွယ်တန်းထားတဲ့ဓါတ်အားလိုင်းတွေကိုပြင်ဖို့ မကြီးစဉ်ရွာထဲရောက်နေတဲ့ စစ်တပ်စစ်ကြောင်းကို ဇွန်လ ၆ ရက်နေ့က တော်လှန်ရေးပူးပေါင်းတပ်တွေတိုက်ခိုက်ခဲ့လို့ အာဏာသိမ်းစစ်သားနှစ်ဦးသေဆုံးပြီးလေးဦး ဒဏ်ရာရသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီကံဆွယ်ရွာနဲ့ မကြီးစဉ်ရွာတွေမှာ ယာယီတပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းကိုလည်း ဇွန်လ ၁၁ ရက်နေ့က PDF ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့လို့ အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင်သုံး ဦး သေဆုံးပြီးကိုးဦး ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် မြောက်စမ်းကလေးရွာထဲမှာလျှပ်စစ်ဓါတ်အားလိုင်းတွေလိုက်ပြင်နေတဲ့ စစ်တပ်စစ်ကြောင်းကိုလည်း ဇွန် ၂၀ ရက်နေ့က PDF ၊ ပကဖ နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့လို့ အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင်သုံးဦးသေဆုံးပြီးခုနှစ်ဦးဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
အဲဒီစစ်တပ်စစ်ကြောင်းကို မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းနဲ့ ပူးပေါင်းတပ်တွေက တလနီးပါးအတွင်း တိုက်ခိုက်ခဲ့ရာခုနှစ်ဦးသေဆုံးပြီးဆယ်ဦး ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
အဲဒီ တိုက်ခိုက်မှုတွေကို မင်းဘူးခရိုင် တပ်ရင်း ၁ ၊ ၂ ၊ပြည်သူ့လုံခြုံရေးဌာန၊စလင်းမြို့နယ် ပကဖ၊ ဒဿညီနောင်ပြောက်ကျားတပ်ဖွဲ့နဲ့ အမှတ် ၁၈၀၈ မကွေးတိုင်းန်းလက်ရုံးတပ်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။






