Border News Agency
မလေးရှား၊ ဇူလိုင် ၁၃။
မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ကလန်းနဲ့ ရှားအလမ်မြို့တွေမှာ ဇူလိုင်လ ၁၂ ရက်နေ့က လူဝင်မှုကြီးကြပ်ရေးအပါအဝင် ဌာနပေါင်းစုံပူးပေါင်းအဖွဲ့ဟာ နိုင်ငံခြားသားတထောင်တစ်ရာရှစ်ဆယ့်သုံးဦးကိုစစ်ဆေးခဲ့ပြီး တရားဝင်အထောက်အထားမရှိတဲ့ နိုင်ငံခြားသားကိုးဆယ့်ရှစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။
အဲဒီဖမ်းဆီးခံရသူ ကိုးဆယ့်ရှစ်ဦးထဲမှာ မြန်မာနိုင်ငံသားတဆယ့်နှစ်ဦးပါဝင်နေပြီး ဘင်္ဂလားဒေ့ရှ်လေးဆယ့်ခုနှစ်ဦး၊ အင်ဒိုနီးရှားတဆယ့်ငါးဦး၊ အိန္ဒိယတဆယ့်နှစ်ဦး၊ နီပေါတဆယ်တဦးနဲ့ အခြားနိုင်ငံသား တဦးတို့ ဖြစ်ကြပါတယ်။
အဲဒီစစ်ဆေးမှုကို မနက်တဆယ်နာရီမှာ စတင်ခဲ့တာဖြစ်ပြီး နိုင်ငံခြားသားတွေလုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်း အဆောက်အအုံတွေကို ပစ်မှတ်ထားကာ ပူးပေါင်းအဖွဲ့ အင်အားနှစ်ရာငါးဆယ့်ခြောက်ဦးနဲ့ ဝင်ရောက်စစ်ဆေးခဲ့တာပါ။
ဖမ်းဆီးခံရသူတွေဟာ အသက်နှစ်ဆယ်ကနေ ငါးဆယ့်ခြောက်နှစ်ကြားရှိတဲ့ အမျိုးသားကိုးဆယ်တဦးနဲ့ အမျိုးသမီးခုနစ်ဦး ဖြစ်ပြီး သူတို့အားလုံးကိုလူဝင်မှုကြီးကြပ်ရေးအက်ဥပဒေနဲ့ အရေးယူဖို့ စမုန်ညင်းထိန်းသိမ်းရေးစခန်းကို ပို့ဆောင်ထားပါတယ်။
လက်ရှိမှာတော့ လူဝင်မှုကြီးကြပ်ရေးဌာနက မလေးရှားနိုင်ငံသားနှစ်ဦးကိုလည်း သက်သေအဖြစ် လာရောက်ထွက်ဆိုဖို့ ဆင့်ခေါ်စာထုတ်ပြန်ထားတယ်လို့သိရပါတယ်။






