Border News Agency
ကွာလာလမ်ပူ၊ ဇူလိုင် ၁၃။
မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက ဇူလိုင်လ ၁၃ ရက်၊ဒီနေ့မှာ “Op Mega” စစ်ဆင်ရေးအဖြစ် နိုင်ငံတဝှမ်းရှိ နေရာတဆယ့်ခြောက်ခုကို ဝင်ပြီး မြန်မာနိုင်ငံသားတွေအပါအဝင် တရားမဝင် နိုင်ငံခြားသားလုပ်သား ငါးရာ့သုံးဦး ဖမ်းဆီးခံခဲ့ရပါတယ်။
ဌာနပေါင်းစုံကအင်အား ရှစ်ရာခုနစ်ဆယ့်ခြောက်ဦးကျော်နဲ့ ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပြီး နိုင်ငံခြားသားနဲ့ အလုပ်ရှင် စုစုပေါင်း နှစ်ထောင်နှစ်ရာခြောက်ဆယ်ဦးကို စစ်ဆေးခဲ့တာပါ။
အဲဒီဖမ်းဆီးခံရသူအများစုဟာ ဗီဇာသက်တမ်းကျော်လွန်နေထိုင်တာနဲ့ ပါမစ်စည်းကမ်းချက် ချိုးဖောက်တာတွေကြောင့် ဖြစ်ပါတယ်။
အဲဒီစစ်ဆေးမှုအတွင်း UNHCR ကတ် ကိုင်ဆောင်ထားသူတချို့ကိုလည်း ကတ်အစစ်အမှန်ဟုတ်မဟုတ် စိစစ်ဖို့ ယာယီထိန်းသိမ်းထားပြီး အစစ်အမှန်ဖြစ်ရင် ပြန်လွှတ်ပေးသွားမယ်လို့ ဆိုပါတယ်။
အလုပ်ရှင်အပါအဝင် လူ တရာ့နှစ်ဆယ်ဦးကို သက်သေခေါ်ထားပြီး အရေးယူမှုတွေ ဆက်လုပ်သွားမယ်လို့ဆိုပါတယ်။






