Border News Agency
ရန်ကုန်၊ ဇူလိုင် ၁၃။
ထိန်းသိမ်းခံထားရတဲ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်ပြီး အစ်မတဦးလို ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ အာဏာသိမ်းစစ်တပ်ခန့် နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေကပြောပါတယ်။
ဒါပေမယ့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးကတော့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်ဆိုတဲ့ ပြောကြားချက်ကို အတည်ပြုနိုင်ဖို့အတွက် သူနဲ့ လူကိုယ်တိုင် တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုထားပါတယ်။
ဇူလိုင်လ ၁၂ ရက်နေ့က အာဆီယံထိပ်တန်းသံတမန်တွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပြန်စနိုင်ဖို့ တင်မောင်ဆွေနဲ့ လူကိုယ်တိုင် တွေ့ဆုံခဲ့ကြတာဖြစ်ပြီးလက်ရှိ အာဆီယံအထူးသံတမန်ဖြစ်သူ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ ဆက်တိုက်တောင်းဆိုနေတာပါ။
အာဆီယံအထူးသံတမန်က အခုလို အာဏာသိမ်းစစ်တပ်နဲ့ ချိတ်ဆက်ဆောင်ရွက်မှုဟာ ပဋိပက္ခဖြစ်နေတဲ့အဖွဲ့တွေကြား ဆွေးနွေးမှုတွေ စတင်နိုင်ဖို့နဲ့ လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်ဖို့အတွက် အလွန်အရေးကြီးပြီး တဖြည်းဖြည်း တိုးတက်ပြောင်းလဲလာမှာလို့ဆိုပါတယ်။
အဲဒီအပြင် အာဆီယံအဖွဲ့အနေနဲ့ မြန်မာ့အရေး ဖြေရှင်းရာမှာ ဘုံသဘောတူညီချက် ငါးချက်အပေါ်မှာပဲ ဆက်လက် ခိုင်ခိုင်မာမာ ရပ်တည်သွားမယ်လို့လည်း ဆိုပါတယ်။







