Border News Agency
နေပြည်တော်၊ဇူလိုင် ၁၄။
စစ်ကိုင်းတိုင်း၊ကလေးမြို့ပေါ် ရပ်ကွက်အချို့မှာ ငွေကျပ် ၁ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၇ သိန်းကို တရားခံ ၆ ဦးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (CCDAC) ဇူလိုင်လ ၁၃ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
ကလေးမြို့ ပင်လုံရပ်ကွက်ရှိ ထက်အောင်နိုင် (ခ) ကိုထက် ရဲ့ နေအိမ်ကို ဇူလိုင်လ ၆ ရက်၊ မနက်ပိုင်းက ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား ၁၀ ပြားနဲ့အတူ အရင်ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
အဲဒီအပြင်အောင်မြေမာန်ရပ်ကွက်ရှိ မနှင်းအိဖြူ (ခ)အိဖြူ ရဲ့ နေအိမ်ကို ဆက်ရှာချိန်မမေသဇင်မိုး (ခ) ထူကြီး၊ ရဲလင်း၊ စိုးမိုးနိုင် တို့ ၄ ဦးနဲ့အတူ စိတ်ကြွဆေးပြား ၆ ဒသမ ၉ သိန်း ထပ်မံမိခဲ့တယ်လို့ဆိုပါတယ်။
နောက်ပြီးစမ်းမြို့ရပ်ကွက်နေ ခင်မောင်ဦး (ခ) ဖက်တီး ကိုလည်း စိတ်ကြွဆေးပြား ၉,၉၉၀ ပြားနဲ့အတူ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီဖမ်းဆီးရမိသူ ၆ ဦးစလုံးကို ကလေးမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးဥပဒေနဲ့ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်တွေကို ဆက်လက် စစ်ဆေးဖော်ထုတ်နေတယ်လို့လည်းဆိုပါတယ်။






