Border News Agency
မြောက်ဦး၊ သြဂုတ် ၁၁။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့မြောက်ဦးမြို့၊ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ လက်ဆည်ကန်နဲ့ အနူမကန်ဧရိယာကို ဝင်ထွက်သွားလာတာတွေမလုပ်ကြဖို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရတားမြစ်လိုက်ပါတယ်။
အဲဒီနေရာတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်းငါးရာကျော်က နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကအသုံးပြုတည်ခဲ့တဲ့ ရင်တားပါတံတိုင်းဖြစ်ပြီး နှစ်ကြာလာပြီးမို့ဟောင်းနွမ်းနေပြီဖြစ်ပါတယ်။
အဲဒါကြောင့် လူ၊ကျွဲ၊နွား၊တိရိစ္ဆာန်တွေတံတိုင်းထက်သို့ လုံးဝမတက်ရသလို ကန်ထဲသို့ ကျွဲ၊နွား၊တိရိစ္ဆာန်တွေကို လွှတ်ကျောင်းတာတွေ လုံးဝခွင့်မပြုပါဘူး။
အဲဒီကန်ထဲသို့ လောင်းတွေနဲ့ငါးဖမ်းတာ၊ရေကူးတာ၊ရေချိုးတာ၊အဝတ်လျှော်တာ၊ဟင်းရှာတာ၊ဝိုင်းဖွဲ့စားသောက်တာ၊အညစ်အကြေးစွန့်ပစ်တာတွေလုံးဝမပြုလုပ်ရပါဘူး။
ဘယ်သူမဆိုခွင့်ပြုချက်မရှိဘဲ ဝင်ထွက်၊သွားလာတာမလုပ်ရဘူးလို့ တားမြစ်လိုက်တာပါ။
အဲဒီတားမြစ်ချက်တွေကို ဖောက်ဖျက်ကျူးလွန်ရင် တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူသွားမယ်လို့ ဆိုပါတယ်။










