Border News Agency
ကျောက်တော်၊ ဩဂုတ် ၃၁။
အာရက္ခဒေသအတွင်း မိုးရာသီကာလ ပြည်သူတွေယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS) တပ်ဖွဲ့ဝင်တွေက လမ်းဆုံလမ်းခွတွေနဲ့ အဝေးပြေးကားလမ်းတွေမှာ အသိပညာပေးမှုတွေပြုလုပ်နေပါတယ်။
အဲဒီလိုပြုလုပ်ရာမှာ ဆိုင်ကယ်စီးနင်းသူတွေအနေနဲ့ ဆိုင်ကယ်စီးဦးထုပ်ဆောင်းဖို့၊ မေးသိုင်းကြိုး တပ်ဖို့၊ လူနှစ်ဦးထက်ပိုမစီးဖို့နဲ့ အရှိန်ပြင်းစွာမမောင်းနှင်ကြဖို့ DLEPS တပ်ဖွဲ့ဝင်တွေက အသိပေး ပြောဆိုနေတာပါ။
အဲဒီအပြင် မော်တော်ယာဉ်မောင်းနှင်သူတွေကိုလည်း ယာဉ်ကြံ့ခိုင်မှုကြိုတင်စစ်ဆေးဖို့၊ အရှိန်လျှော့မောင်းဖို့၊ မိုးသည်းထန်ရင် ရှေ့မီးကြီးဖွင့်မောင်းဖို့နဲ့ ဘေးကင်းတဲ့အကွာအဝေးကနေ ထိန်းသိမ်း မောင်းနှင်ကြဖို့ တိုက်တွန်းထားပါတယ်။
ခုလိုစည်းကမ်းချက်တွေကို ကြပ်မတ်အသိပေးနေတာဟာ မိုးရာသီကာလအတွင်း ပြည်သူတွေ ယာဉ်အန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနဲ့ အသက်အန္တရာယ်ကြုံတွေ့ရမှုများကို လျှော့ချနိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။
အဲဒီအပြင် ပို့ဆောင်ရေးဌာနကလည်း လိုက်နာရမယ့်ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို ထုတ်ပြန်ထားသလို လမ်းဘေးဝဲယာတွေမှာ အသိပေးဆိုင်းဘုတ်တွေစိုက်ထူပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာကြဖို့တိုက်တွန်းထားပါတယ်။






