Border News Agency
ပုဏ္ဏားကျွန်း၊ သြဂုတ် ၃၁။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့မြို့နယ်တချို့မှာ မိုးတွင်းအလုပ်အကိုင်ရှားပါးမှုနဲ့အတူ ကလေးသူငယ်တချို့အလှူခံသူတွေ ပိုများလာတယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။
မိုးတွင်းကာလအလုပ်အကိုင်နည်းပါးတာကြောင့် စစ်ဘေးရှောင်မိသားစုတွေဟာ စားဝတ်နေရေးကျပ်တည်းလာပြီး အသက်မပြည့်သေးတဲ့ကလေးငယ်တွေကို ရပ်ရွာတွေထဲစေလွှတ်အလှူခံခိုင်းနေကြရတာလို့ ဆိုကြပါတယ်။
”အလှူခံစားသူတွေကတော့အရင်တုန်းကလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာပိုများလာနေတာပါ။ ဆယ်နှစ်အောက်ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်အရွယ်တွေ ပိုများလာတာတွေ့ရပါတယ်။”လို့ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းခေါင်းဆောင်တဦးက Border News Agency ကိုပြောပါတယ်။
အဲဒီစစ်ဘေးရှောင်တွေဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေမရကြသလို အခြေခံစားသောက်ကုန်စျေးနှုန်းတွေပိုတက်လာတာမို့ အလှူခံစားသူပိုများလာရတာလို့ ပြည်သူတွေကဆိုကြပါတယ်။
အဲဒီကလေးငယ်တွေဟာ သူတို့နေထိုင်ရာစစ်ဘေးရှောင်စခန်းက တခြားရပ်ရွာတွေကို ဆန်အလှူခံသွားဖို့ ခရီးသည်တင်ယာဉ်တွေကို လမ်းကြုံစီးနင်းကြရတယ်လို့ ဆိုကြပါတယ်။
”သူတို့က ဒီကနေ တခြားရွာတွေကိုသွားဖို့အတွက် ကားလမ်းမကြီးဘေးမှာထိုင်ပြီး လမ်းကြုံရှာကြပါတယ်။ ဒါပေမယ့်မတင်ကြတဲ့သူတွေများပါတယ်။”လို့ ပုဏ္ဏားကျွန်းမြို့နယ်ရှိနောက်ထပ်စစ်ဘေးရှောင်စခန်းခေါင်းဆောင်တဦးက Border News Agency ကိုပြောပါတယ်။
အဲဒီခရီးသည်တင်ယာဉ်မောင်းတွေ လမ်းကြုံမတင်ပေးကြတာကြောင့် ကလေးငယ်တွေဟာ ခရီးသွားလာရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့လည်း စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
အဲဒီစစ်ဘေးရှောင်စခန်းတွေမှာ အကူအညီတွေလိုအပ်နေသလို ကလေးငယ်တွေစားဝတ်နေရေးအဆင်ပြေစေဖို့ ကူညီထောက်ပံ့မှုတွေမဖြစ်မနေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်စခန်းတာဝန်ခံတွေက ဆိုကြပါတယ်။
အဲဒီအပြင် ကလေးငယ်တွေကျောင်းတက်နိုင်ရေးနဲ့ စားဝတ်နေရေးအဆင်ပြေစေဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေက ကူညီဆောင်ရွက်ပေးဖို့ စစ်ဘေးရှောင်တွေ တောင်းဆိုနေကြပါတယ်။
အဲဒီစစ်ဘေးရှောင်ကလေးတွေဟာ နေ့စဥ်စားဝတ်နေရေးအတွက် ကိုယ်တိုင်အလှူခံနေကြရတာမို့ ပညာသင်ကြားရေးအတွက် အခွင့်အလမ်းတွေမဲ့နေကြသလို ရေရှည်အသက်ရှင်ရပ်တည်နိုင်ရေးမသေချာ၊ မရေရာဖြစ်နေကြတယ်လို့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ဆိုကြပါတယ်။






