Border News Agency
သီပေါ၊ ဩဂုတ် ၃၁။
ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ အသက်မပြည့်သေးတဲ့အမျိုးသမီးငယ်တဦးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တဲ့ စိုင်းဆာစံကို ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဗဟိုဌာနချုပ်အထက်တရားရုံးက သေဒဏ်ချမှတ်စီရင်လိုက်ပါတယ်။
ပြစ်မှုကျူးလွန်သူမှာ သီပေါမြို့နယ်၊ လွယ်ကျိုင်းကျေးရွာနေ အသက် ၂၄ နှစ်အရွယ် စိုင်းဆာစံဖြစ်ပြီး ကျူးလွန်ခံရသူမှာ သူ့ရဲ့ ညီမဝမ်းကွဲတော်စပ်သူ အသက် ၁၄ နှစ်အရွယ် နန်းစံဟွမ်ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်က စိုင်းဆာစံဟာ နန်းစံဟွမ်အားအလုပ်ရှာပေးမယ်ဆိုပြီး အကြောင်းပြခေါ်ဆောင်သွားပြီးနောက် ဘော်ကြိုကျေးရွာအုပ်စု၊ နမ့်ဟူးနွဲ့ကျေးရွာအနီးငှက်ပျောစိုက်ခင်းတခုအတွင်း အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။
အဲဒီမိန်းကလေးပျောက်ဆုံးမှုနဲ့ပတ်သက်လို့ မိဘတွေကဇွန်လ ၂၅ ရက်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော်ဆီလာရောက်တိုင်ကြားခဲ့တာကြောင့် စုံစမ်းဖော်ထုတ်ခဲ့ရာ တိုင်ကြားတဲ့နေ့မှာပင် ပြစ်မှုကျူးလွန်သူစိုင်းဆာစံကိုဖမ်းဆီးရမိခဲ့တာပါ။
ဖမ်းဆီးရမိသူကို ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်ဗဟိုဌာနချုပ်အထက်တရားရုံးမှာ စစ်ဆေးစီရင်ကာ ပြစ်မှုပြင်းထန်တာကြောင့် သေဒဏ်ချမှတ်ခဲ့တာဖြစ်ပြီး ဩဂုတ်လ ၃၀ ရက်၊နေ့လည် ၂ နာရီမှာ ဗဟိုဌာနချုပ်က သေဒဏ်စီရင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။







