Border News Agency
စင်ကာပူ၊ ဩဂုတ် ၃၁။
စင်ကာပူနိုင်ငံမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုးတာနဲ့ပတ်သက်ပြီး သံရုံးရဲ့ တရားဝင်အသိပေးကြေညာချက်တွေအတိုင်းသာဆောင်ရွက်ကြဖို့ စင်ကာပူနိုင်ငံရှိမြန်မာသံရုံးကထုတ်ပြန်ထားပါတယ်။
အမျိုးအစားပြောင်းလဲလျှောက်ထားသူတွေထဲမှ PT၊ PE ၊ PS သို့ ပြောင်းလဲလျှောက်ထားသူတွေဟာ သံရုံးကြေညာချက်ပါလိုအပ်တဲ့ အချက်အလက်တွေကို သံရုံးရဲ့တရားဝင်အီးမေးလ်သို့ ပေးပို့လျှောက်ထားရမှာဖြစ်ပါတယ်။
အဲဒီအပြင် PV မှ PJ သို့သက်တမ်းတိုးသူတွေအနေနဲ့ မိမိတို့ရယူထားတဲ့ရက်ချိန်းအတိုင်း ခေတ္တစောင့်ဆိုင်းပေးကြဖို့နဲ့ သံရုံးကကြေညာချက်အသစ်ထုတ်ပြန်လာမှသာ အဲဒီလမ်းညွှန်ချက်အတိုင်း ဆက်လက်ဆောင်ရွက်ကြဖို့ အသိပေးထားတာပါ။
လျှောက်လွှာဖြည့်သွင်းရာမှာ ပုံစံနှစ်မျိုးရှိတာကြောင့် မိမိနဲ့သက်ဆိုင်တဲ့လျှောက်လွှာပုံစံကို သေချာစွာရွေးချယ်ဖြည့်စွက်ပြီး ကြေညာချက်တွေကိုအစအဆုံး သေချာစွာဖတ်ရှုကြဖို့လည်း သံရုံးကတိုက်တွန်းထားပါတယ်။
လျှောက်လွှာဖောင်ဖြည့်ပြီးရင် သတ်မှတ်ချက်အတိုင်းဓာတ်ပုံကပ်ပြီး PDF ဖိုင်ပြုလုပ်ကာပေးပို့ရမှာဖြစ်ပြီး WhatsApp မှတဆင့် PDF ဖိုင်ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေမျှဝေထားတယ်လို့ဆိုပါတယ်။








