Border News Agency
မကွေး၊ စက်တင်ဘာ ၉ ။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်းက ကလေးတွေနဲ့ လူငယ်တွေအတွက် ဘေးကင်းလုံခြုံပြီးအရည်အသွေးရှိတဲ့ပညာရေး သင်ယူခွင့်ရရှိဖို့ဟာ သူတို့ရဲ့ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အနာဂတ်အတွက် မရှိမဖြစ် လိုအပ်တယ်လို့ စက်တင်ဘာလ ၉ ရက်နေ့မှာ ကျရောက်တဲ့ ပညာရေးကဏ္ဍ တိုက်ခိုက်ခံရမှုမှ ကာကွယ်ရေး နိုင်ငံတကာနေ့ မှာ ကုလသမဂ္ဂက ပြောဆိုလိုက်ပါတယ်။
ခုအခါမှာ ကမ္ဘာတဝှမ်းရှိ ကလေးအတော်များများဟာဘေးကင်းကင်းနဲ့ ပညာသင်ယူနိုင်ဖို့အတွက် ခြိမ်းခြောက်ခံနေရဆဲ ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာတင် စာသင်ကျောင်းတွေ၊ကျောင်းသူကျောင်းသားတွေနဲ့ ဆရာ ဆရာမတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုပေါင်း ရှစ်ထောင်ငါးရာကျော်အထိ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ကလေးတိုင်းပညာသင်ကြားပိုင်ခွင့်ကို အပြည့်အဝကာကွယ်ပေးဖို့နဲ့ ဘေးကင်းလုံခြုံသည့် သင်ကြားရေးဝန်းကျင်များကို ဖန်တီးပေးကြဖို့ အရေးကြီးကြောင်း မေတ္တာရပ်ခံတိုက်တွန်းထားပါတယ်။
အဲဒီပြင် ပညာရေးကဏ္ဍနဲ့ ကျောင်းသား၊ ဆရာ ဆရာမတွေအပေါ် တိုက်ခိုက်မှုတွေ ကျူးလွန်သူတွေကို ထိရောက်စွာ အရေးယူဖို့နဲ့ ပညာရေးစနစ်တွေကို ပိုမိုခိုင်မာအောင် လုပ်ဆောင်ကြဖို့ကိုလည်း တောင်းဆိုထားပါတယ်။
ဒါမှသာ ကလေးတိုင်းဟာ အကြမ်းဖက်မှုတွေ၊ ကြောက်ရွံ့မှုတွေမရှိဘဲ လွတ်လပ်စွာ ပညာသင်ယူနိုင်မှာဖြစ်တယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ သတင်းစကားမှာ ထည့်သွင်းဖော်ပြထားပါတယ်။







