Border News Agency
အင်ဒိုနီးရှား၊စက်တင်ဘာ ၉ ။
အင်ဒိုနီးရှားနိုင်ငံအာနတ်ကရာကာတောင်း မီးတောင်ပေါက်ကွဲမှုသတင်းသွားရောက်ယူတဲ့ သတင်းထောက်ငါးဦးအပါအဝင်လူရှစ်ဦးအဖွဲ့ဟာ အမြန်ရေယာဉ်တစီးနဲ့အတူ ပင်လယ်ပြင်မှာအဆက်အသွယ်ပြတ်ပျောက်ဆုံးနေပါတယ်။
အဲဒီအဖွဲ့ဟာ စက်တင်ဘာလ ၇ ရက်၊နေ့လည်ပိုင်းက ဆွန်ဒါရေလက်ကြားအတွင်းရှိ မီးတောင်ကျွန်းဆီထွက်ခွာသွားတာဖြစ်ပြီး လိုက်ပါသွားသူတွေထဲမှာ Antara၊ Anadolu နဲ့ iNews သတင်းဌာနတွေက သတင်းထောက်ငါးဦးအပြင် ရေယာဉ်ဝန်ထမ်းနှစ်ဦးနဲ့ လမ်းညွှန်တဦးတို့ပါဝင်ပါတယ်။
အမြန်ရေယာဉ်ထွက်ခွာသွားပြီး မကြာမီအချိန်မှာရေယာဉ်ပိုင်ရှင်နဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့တာဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေရေးလုပ်ငန်းတွေကို စက်တင်ဘာလ ၈ ရက်၊နေ့လည်ပိုင်းကတည်းက စတင်ဆောင်ရွက်ခဲ့ပါတယ်။
ဒါပေမယ့် ရာသီဥတုဆိုးရွားပြီး လှိုင်းကြီးတာနဲ့မြင်ကွင်းမရှင်းလင်းတာတွေကြောင့် ရှာဖွေရေးကိုခဏရပ်နားခဲ့ရကာ စက်တင်ဘာလ ၉ ရက်၊ဒီနေ့မှာတော့ ရှာဖွေရေးဧရိယာကို ထပ်မံတိုးချဲ့ပြီးဆက်လက်ရှာဖွေနေပါတယ်။
အဲဒီမီးတောင်ဟာ မကြာခဏပေါက်ကွဲလေ့ရှိပြီး အနီးအနားရှိလေဆိပ်အချို့ကိုလည်းပိတ်ထားခဲ့ရသလို ဒေသခံတွေနဲ့ခရီးသွားတွေကို မီးတောင်ဝမှအနည်းဆုံး သုံးကီလိုမီတာအကွာမှာသာ နေထိုင်သွားလာကြဖို့သတိပေးချက်ထုတ်ပြန်ထားပါတယ်။







