Border News Agency
နေပြည်တော်၊ စက်တင်ဘာ ၁၇။
မြန်မာနိုင်ငံဆိုင်ရာအမေရိကန် ကုန်သည်ကြီးများအသင်းရဲ့စည်းမျဉ်းတွေကို ဖောက်ဖျက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့အမှုဖွင့်ခံထားရတဲ့ အမေရိကန်နိုင်ငံသား Adam Michael Castillo ကို အာဏာသိမ်းစစ်တပ်က ပြည်နှင်ဒဏ်ပေးလိုက်ပါတယ်။
သူ့ကို စက်တင်ဘာလ ၁၆ ရက်၊ ညနေပိုင်းမှာ နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေတဆင့် နိုင်ငံကူးလက်မှတ်အမှတ် ၅၆၅၄၄၈၄၄၉ နဲ့ ပြည်နှင်စေလွှတ်ခဲ့တာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံသား Adam Michael Castillo ဟာ ကုန်သည်ကြီးများအသင်း စည်းမျဉ်းပါကန့်သတ်ချက်တွေကို ဖောက်ဖျက်ခဲ့တာကြောင့် ၂၀၂၆ ခုနှစ်၊ဇွန်လ ၈ ရက်ကတည်းက ပန်းဘဲတန်းမြို့မရဲစခန်းမှာ ရာဇသတ်ကြီး ပုဒ်မ ၄၀၉ နဲ့ အမှုဖွင့် အရေးယူခံထားရသူဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဘက်ကတော့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နဲ့ အမေရိကန်ပြည်ထောင်စုတို့ကြား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုဆက်ဆံရေးကို ရှေးရှုပြီး သတ်မှတ်လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပြည်နှင်စေလွှတ်ခဲ့တာလို့ သတင်းထုတ်ပြန်ထားတာပါ။
အဲဒီပြည်နှင်ဒဏ်ပေးခံရသူ အမေရိကန်နိုင်ငံသားနဲ့ပတ်သက်လို့ အမေရိကန်သံရုံးဘက်ကတစုံတရာ ထုတ်ပြန်ထားတာမရှိသေးပါဘူး။










