Border News Agency
ကျောက်တော်၊ စက်တင်ဘာ ၁၇။
အာဏာသိမ်းစစ်တပ်ရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို ရဲဝင်းဦးရရှိခဲ့ပြီးနောက် အချိန်ငါးလတာအတွင်း အာရက္ခဒေသကို လေကြောင်းတိုက်ခိုက်မှုနှစ်ရာ့နှစ်ဆယ်ထက်မနည်း ပြုလုပ်ခဲ့တယ်လို့ ISP-Myanmar ရဲ့ သုတေသနအချက်အလက်တွေကဆိုပါတယ်။
၂၀၂၆ ခုနှစ်၊မတ်လ ၃၁ ရက်မှ သြဂုတ်လ ၃၁ ရက်အထိ ငါးလတာကာလအတွင်း နိုင်ငံတဝှမ်းလေကြောင်းတိုက်ခိုက်မှု စုစုပေါင်း တထောင့်ငါးရာရှစ်ဆယ်သုံးကြိမ်ထက်မနည်းရှိခဲ့ပြီး အာဏာသိမ်းစစ်တပ်ဟာ ရခိုင်၊ ချင်း၊ စစ်ကိုင်းနဲ့ မကွေးဒေသတွေပါဝင်တဲ့အနောက်ပိုင်းနဲ့အလယ်ပိုင်းဒေသတွေကို အဓိကပစ်မှတ်ထားဦးတည်တိုက်ခိုက်နေတာဖြစ်ပါတယ်။
အာရက္ခဒေသမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်က တော်လှန်ရေးတပ်ဖွဲ့တွေစိုးမိုးထားတဲ့နယ်မြေတွေကို လေကြောင်းတိုက်ခိုက်တာတွေဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။
အဲဒီမြေပြင်တိုက်ခိုက်မှုတွေနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်း၊ သာသနိက အဆောက်အအုံ၊ ဆေးရုံနဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေပါထိမှန်နေပြီး အရပ်သား ပြည်သူတွေထိခိုက်သေဆုံးမှု များပြားနေသလို စစ်ဘေးရှောင်ဦးရေလည်း တနေ့ထက်တနေ့ ပိုမို တိုးပွားလာနေပါတယ်။
အဲဒီအပြင်အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အာရက္ခဒေသအပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ဒေသတွေရှိ အရပ်သားပြည်သူတွေထိခိုက်ခံရမှုအန္တရာယ် ဖြစ်နိုင်ခြေအမြင့်ဆုံးမှာရှိနေတယ်လို့ဆိုပါတယ်။
ISP-Myanmar ရဲ့ ဒေတာအချက်အလက်တွေအရ လေကြောင်းတိုက်ခိုက်မှုတွေဟာ လျော့ကျသွားမယ့်အခြေအနေမရှိဘဲ ဒေသခံတွေနေရပ်စွန့်ခွာ ထွက်ပြေးရမှုနဲ့အသက်အန္တရာယ် လုံခြုံရေး၊ လူသားချင်းစာနာမှု အကျပ်အတည်းတွေပိုမိုဆိုးရွားစွာ ရင်ဆိုင်နေကြရတယ်လို့ဆိုပါတယ်။










