Border News Agency
အမေရိကန်၊ အောက်တိုဘာ ၇။
အာဏာသိမ်းစစ်တပ်ကိုလက်မခံဘဲ ငြင်းပယ်ရေးနဲ့ အရပ်သားပြည်သူတွေပေါ် ရက်စက်ကြမ်းကြုတ်မှုကျူးလွန်နေသူတွေကို ထိရောက်စွာတာဝန်ခံစေရေးအတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာက မားမားမတ်မတ်ရပ်တည်ပေးဖို့ ကုလသယမဂ္ဂဆိုင်ရာကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။
အမေရိကန်နိုင်ငံ၊နယူးယောက်မြို့မှာ ကျင်းပနေတဲ့ရှစ်ဆယ့်တကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ တတိယကော်မတီအစည်းအဝေးမှာဦးကျော်မိုးထွန်းက ခုလိုထုတ်ဖော် ပြောဆိုခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ငါးနှစ်ကျော်ကြာလာချိန်မှာ အာဏာသိမ်းစစ်တပ်က ရွယ်ရည်ချက်ရှိရှိပစ်မှတ်ထားတိုက်ခိုက်လို့ စာသင်ကျောင်း၊ဆေးရုံအပါအဝင် အရပ်ဘက်အဆောက်အအုံတွေကို ဖျက်ဆီးမှုတွေကြောင့် ပြည်သူလေးသန်းကျော် စစ်ဘေးရှောင်နေရပြီး ဆယ့်ခြောက်ဒသမနှစ်သန်းကျော်မှာ စားနပ်ရိက္ခာမလုံလောက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။
အဲဒီအပြင် အာဏာသိမ်းစစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းမှုနဲ့ အကြမ်းဖက်မှုတွေကြောင့် လူငယ်တွေရဲ့ အနာဂတ်ဖျက်ဆီးခံနေရသလို အခြေခံလူမှုရေးဝန်ဆောင်မှုတွေပါ ပျက်သုဉ်းနေတယ်လို့လည်း ရှင်းပြခဲ့တာပါ။
အခြားတဖက်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ တိုင်းရင်းသားတော်လှန်ရေး မဟာမိတ်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး ကြားကာလစီမံအုပ်ချုပ်ရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုတွေကို တာဝန်ယူဆောင်ရွက်နေတာကြောင့် အကြမ်းဖက်စစ်အုပ်စုနဲ့ ကွာခြားချက်ကို နိုင်ငံတကာက သတိပြုဖို့တိုက်တွန်းခဲ့ပါတယ်။
ဒါကြောင့် စစ်အုပ်စုကို လက်မခံဘဲ ငြင်းပယ်ရေး၊ စစ်ရာဇဝတ်မှုကျူးလွန်သူတွေကို တာဝန်ခံစေရေးနဲ့ မြန်မာပြည်သူတွေလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖော်ဆောင်ရေးတို့မှာ နိုင်ငံတကာက အရေးယူဆောင်ရွက်ပေးဖို့ သံအမတ်ကြီးကတောင်းဆိုသွားခဲ့ပါတယ်။







