Border News Agency
စစ်ကိုင်း၊အောက်တိုဘာ ၇။
စစ်ကိုင်းတိုင်း၊တမူးမြို့နယ်၊ကမ္မကြီးကျေးရွာနဲ့ထင်းဇင်ကျေးရွာကြားမှာ အခြေပြုတပ်စွဲထားပြီး ခရီးသွားအရပ်သားတွေကို ဆိုးဆိုးရွားရွားငွေညှစ်အနိုင်ကျင့်နေတဲ့ အာဏာသိမ်းစစ်တပ်ဂိတ်စခန်းက တပ်ဖွဲ့ဝင်သုံးဦးဟာ လက်နက်တွေနဲ့အတူထွက်ပြေးပြီး တမူးခရိုင် အမှတ် ၆ တပ်ရင်းဆီအလင်းဝင်လာပါတယ်။
သူတို့သုံးဦးဟာ အာဏာသိမ်းစစ်တပ်လက်အောက်မှာ ဆက်လက်တာဝန်မထမ်းဆောင်ချင်တော့တာကြောင့် အမှတ် ၁ စစ်ဒေသလက်အောက်ခံ တမူးခရိုင် အမှတ် ၆ တပ်ရင်းထံ MA-1 သေနတ် တလက်၊ ကျည်ဘောက်နှစ်ခုနဲ့ငါးဒသမငါးခြောက်ကျည်တရာ့တဆယ်သုံးတောင့်ကိုယူပြီး အလင်းဝင်လာကြတာဖြစ်ပါတယ်။
မြေပြင်မှ တမူးမြို့နယ်အတွင်းရှိ အာဏာသိမ်းစစ်တပ်စစ်ဆေးရေးဂိတ်တွေဟာ ခရီးသွားပြည်သူတွေနဲ့ ကုန်သည်တွေထံမှနည်းလမ်းမျိုးစုံနဲ့ ငွေကြေးအဓမ္မ ကောက်ခံတာတွေ ပိုမိုဆိုးရွားလာနေပြီး ဒေသခံတွေမှာသွားလာလှုပ်ရှားဖို့အတွက် ကြီးမားတဲ့ဝန်ထုပ်ဝန်ပိုးတွေနဲ့ရင်ဆိုင်နေကြရပါတယ်။
အဲဒီအပြင် စစ်ရေးအရဖိအားပေးခံနေရတဲ့ အာဏာသိမ်းစစ်တပ်အတွင်းမှာလည်း ရှေ့တန်းစခန်းတွေက တပ်သားတွေစိတ်ဓာတ်ကျဆင်းပြီး ထွက်ပြေးအလင်းဝင်တာတွေ ဆက်တိုက်ဖြစ်ပေါ်နေတာကြောင့် ကင်းလှည့်တာနဲ့ဂိတ်စခန်းလုံခြုံရေးတွေကိုပါ လျှော့ချထားရတဲ့အခြေအနေသို့ရောက်ရှိနေပါတယ်။
တမူးခရိုင် အမှတ် ၆ တပ်ရင်းအနေနဲ့ အလင်းဝင်ရောက်လာတဲ့ အာဏာသိမ်းစစ်တပ်စစ်သားတွေကို ထိုက်တန်တဲ့ဆုကြေးငွေတွေပေးအပ်ခဲ့ပြီး သူတို့ရဲ့ ဆန္ဒအတိုင်း ဆက်လက်ကူညီဆောင်ရွက်ပေးသွားမှာဖြစ်သလို၊ ကျန်ရှိနေသေးတဲ့အာဏာသိမ်းစစ်တပ်စစ်သားတွေကိုလည်း ပြည်သူနဲ့ အမြန်ဆုံးလာရောက်ပူးပေါင်းကြဖို့ တိုက်တွန်းထားပါတယ်။












