Border News Agency
မလေးရှား၊အောက်တိုဘာ ၇။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာအောက်တိုဘာ ၇ ရက်၊ဒီနေ့မှ ၈ ရက်ထိနှစ်ရက်ကြာ မလေးရှားနိုင်ငံသို့ သွားရောက်မှာဖြစ်တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။
ခရီးစဉ်အတွင်း မလေးရှားဝန်ကြီးချုပ် ဒါတိုဆရီအန်ဝါအီဘရာဟင် (Dato’ Seri Anwar Ibrahim) နဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပြီး မလေးရှားမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည်ပို့ဆောင်ရေးကိစ္စလည်း ပါဝင်မှာဖြစ်ပါတယ်။
အဲဒီအပြင် အာဆီယံယန္တရားတွေအောက်မှာ လက်ရှိဆောင်ရွက်နေတဲ့ ကြိုးပမ်းမှုတွေနဲ့ပတ်သက်ပြီး နှစ်နိုင်ငံခေါင်းဆောင်တွေ ပြန်လည်သုံးသပ်ဆွေးနွေးသွားဖို့လည်း မျှော်မှန်းထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင်ရဲ့ မလေးရှားခရီးစဉ်ဟာ ပထမဦးဆုံးအကြိမ်ဖြစ်ပြီး ခုခရီးစဉ်ကတစ်ဆင့် နိုင်ငံတကာ တရားဝင်မှုရရှိဖို့ကြိုးပမ်းနေတာပါ။
အာဏာသိမ်းစစ်တပ်ဟာ အရပ်သားပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတာကြောင့် အာဆီယံထိပ်သီးအစည်းအဝေးတွေကို တက်ရောက်ခွင့်ပိတ်ပင်ခံထားရဆဲဖြစ်ပါတယ်။






