Border News Agency
မူး၊ အောက်တိုဘာ ၇။
အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် အာဏာသိမ်းပြီး ငါးနှစ်ကျော်ကာလမှာ ကျောင်းသူ၊ကျောင်းသား လေးဆယ့်တဦးသေဆုံးခဲ့ရတယ်လို့ ကရင်အမျိုးသားအစည်းအရုံးဗဟိုကထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှ ခု ၂၀၂၆ ခုနှစ်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်းပေါင်း ငါးဆယ့်ကိုးလုံးထိခိုက်ပျက်စီးခဲ့ရပြီး အခြားကျောင်းသား၊ ကျောင်းသူကိုး ဆယ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဂျီနီဗာကွန်ဗန်းရှင်းတွေကို ချိုးဖောက်ကာ ကရင်လူမျိုးတွေရဲ့ပညာရေးကို ရည်ရွယ်ချက်ရှိရှိဖျက်ဆီးနေတာဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့ကလည်း တပ်မဟာ (၁)ဘီးလင်းမြို့နယ်၊ ကြသောင်းဆိပ်ရွာရှိစာသင်ကျောင်းနဲ့ ဝန်ထမ်းအိမ်ရာတွေကို ညအချိန် ဖျက်အားပြင်းဗုံးတွေနဲ့တိုက်ခိုက်ခဲ့တာပါ။
အဲဒီအပြင် အောက်တိုဘာလ ၁ ရက်နေ့ကလည်း တပ်မဟာ (၃) မူးမြို့နယ်၊ကျောက်ကြီးပေါက်ရွာကိုဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် အသက်ဆယ့်ခုနှစ်နှစ်အရွယ် လူငယ်တဦးသေဆုံးပြီး အရပ်သား ခြောက်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အာဆီယံဘုံသဘောတူညီချက်တွေကို လိုက်နာတာမရှိဘဲ လေယာဉ်၊ ဒရုန်း၊လက်နက်ကြီးတွေနဲ့ အပြစ်မဲ့ အရပ်သားတွေကိုပစ်မှတ်ထားကာ စစ်ရာဇဝတ်မှုတွေကိုနေ့စဉ်နဲ့အမျှ ကျူးလွန်နေတယ်လို့ KNU က အသိပေးထားပါတယ်။






