Border News Agency
မလေးရှား၊ အောက်တိုဘာ ၇။
မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ခဲ့တဲ့ မြန်မာနိုင်ငံသားတွေထဲမှာ ရိုဟင်ဂျာတဦးမှ မပါဝင်သေးဘူးလို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကပြောပါတယ်။
နှစ်နိုင်ငံပြန်လည်ပို့ဆောင်ရေးသဘောတူညီချက်မှာ ရခိုင်၊ ကရင်၊ ရှမ်းနဲ့ ရိုဟင်ဂျာအပါအဝင် လူမျိုးစုအားလုံးပါဝင်ပေမယ့် လက်ရှိအချိန်ထိ ရိုဟင်ဂျာတွေကိုပြန်လည်ပို့ဆောင်ထားတာ မရှိသေးဘဲ ရှေ့ဆက်ဆွေးနွေးသွားမယ်လို့ဆိုပါတယ်။
ပြန်လည်ပို့ဆောင်ခံရသူတွေဟာ အတင်းအကျပ်မဟုတ်ဘဲ မိမိတို့သဘောဆန္ဒအတိုင်းပြန်ဖို့ လက်မှတ်ရေးထိုးထားသူတွေဖြစ်ပြီး မလေးရှားဘက်ကလည်း မြန်မာအစိုးရဆီကနေ လူ့အခွင့်အရေးချိုးဖောက်မှုတွေမဖြစ်စေဖို့ အာမခံချက်တောင်းခံထားတာပါ။
ဇန်နဝါရီလကစပြီး မြန်မာနိုင်ငံသားတသောင်းကျော်ကို လေကြောင်းနဲ့ ရေတပ်သင်္ဘောတွေနဲ့ ပြန်လည်ပို့ဆောင်ခဲ့ပြီးဖြစ်ကာ နောက်ဆုံးအကြိမ်အဖြစ် အောက်တိုဘာလ ၄ ရက်နေ့မှာ မြန်မာ တထောင့်လေးရာခုနှစ်ဆယ့်ခြောက်ဦး သီလဝါဆိပ်ကမ်းကို ပြန်လည်ရောက်ရှိခဲ့တာဖြစ်ပါတယ်။
တဖက်မှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မလေးရှားနိုင်ငံကို အောက်တိုဘာလ ၇ ရက်မှ ၈ ရက်နေ့ထိ သွားရောက်နေပြီး မြန်မာနိုင်ငံသားတွေ ပြန်လည်ခေါ်ယူရေးကိစ္စတွေကို တိုက်ရိုက်တွေ့ဆုံဆွေးနွေးနေတာပါ။
မလေးရှားအစိုးရအနေနဲ့ မြန်မာနိုင်ငံသားတွေ ပြန်လည်ပို့ဆောင်ရေးကို မိမိတို့ကိုယ်ပိုင်မူဝါဒနဲ့ ဆောင်ရွက်နေတာဖြစ်ပြီး မလေးရှားနိုင်ငံအတွင်း တရားမဝင်နေထိုင်သူတွေနဲ့ လိုင်စင်မဲ့ စီးပွားရေး လုပ်ကိုင်နေတဲ့မြန်မာနိုင်ငံသားတွေကိုလည်း စစ်ဆေးဖမ်းဆီးမှုတွေ ပိုမိုတင်းကျပ်စွာပြုလုပ်နေတာ ဖြစ်ပါတယ်။







