Border News Agency
ပလက်ဝ၊ အောက်တိုဘာ ၇။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့နယ်နဲ့ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်ကို ဆက်သွယ်မယ့် ပလက်ဝ-ဇိုရင်ပွီကားလမ်းကို အရှိန်မြှင့်ဆောင်ရွက်ဖို့ မီဇိုရမ်ပြည်နယ်အုပ်ချုပ်ရေးမှူးဗိုလ်ချုပ်ကြီးဗီဂျေးကူးမားဆင်းဂ်က သက်ဆိုင်ရာတာဝန်ရှိသူတွေကို တိုက်တွန်းလိုက်ပါတယ်။
အဲဒီလမ်းဖောက်လုပ်ရေးလုပ်ငန်းဟာ ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်း(KMMTTP)ရဲ့ အဓိကအစိတ်အပိုင်းဖြစ်ပြီး အောက်တိုဘာလ ၅ ရက်နေ့မှာ အိုက်ဇောလ်မြို့ရှိ Lok Bhavan မှာ IRCON International Ltd. ရဲ့ မြန်မာနိုင်ငံဆိုင်ရာ စီမံကိန်းအကြီးအကဲ Mr. Sanjay Tripathi နဲ့ မီဇိုရမ်ပြည်နယ် အုပ်ချုပ်ရေးမှူးတွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
အဲဒီမှာ Mr. Sanjay Tripathi က ပလက်ဝနဲ့ဇိုရင်ပွီကြား တရာကိုးဒသမနှစ်ကီလိုမီတာအရှည်ရှိ လမ်းပိုင်းဖောက်လုပ်မှုအခြေအနေနဲ့ ရှေ့ဆက်ဆောင်ရွက်မယ့်လုပ်ငန်းတွေကို ရှင်းလင်းတင်ပြခဲ့ပြီး လက်ရှိလုပ်ငန်းဟာ နှစ်ဆယ့်ငါးရာခိုင်နှုန်းနဲ့ဘဏ္ဍာရေးဆိုင်ရာအရ သုံးဆယ်ရာခိုင်နှုန်းသာပြီးစီးသေးတယ်လို့ဆိုပါတယ်။
အဲဒီမီဇိုရမ်ပြည်နယ်အုပ်ချုပ်ရေးမှူးက ကုလားတန်စီမံကိန်းဟာ အိန္ဒိယဗဟိုအစိုးရရဲ့မဟာဗျူဟာမြောက်စီမံကိန်းဖြစ်တာမို့ ဦးစားပေးအဆင့်သတ်မှတ်ဆောင်ရွက်ရမှာဖြစ်ပြီး အချိန်ကြန့်ကြာနေတာတွေ ထပ်နှောင့်နှေးခွင့်မရှိတော့ဘူးလို့ အလေးထားပြောပါတယ်။
အဲဒီပြင် စီမံကိန်းအောင်မြင်ပြီးမြောက်ရေးအတွက် ဖြစ်နိုင်သမျှနည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းသွားဖို့ လာမယ့် ပွင့်လင်းရာသီမှာ လုပ်ငန်းတိုးတက်မှုအများဆုံးရရှိအောင်ဆောင်ရွက်ဖို့ညွှန်ကြားခဲ့ပြီး အခက်အခဲတွေကြုံရရင်လည်း အပြည့်အဝပံ့ပိုးကူညီသွားမယ်လို့ အာမခံပြောပါတယ်။
အဲဒီကုလားတန်မြစ်ကြောင်းဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းလမ်းကြောင်းနေရာအများစုကို အာရက္ခတပ်တော်ထိန်းချုပ်ထားပြီး စစ်တွေဆိပ်ကမ်းကို အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားပါတယ်။
အဲဒီကုလားတန်စီမံကိန်းလမ်းကြောင်းကို အာဏာသိမ်းစစ်တပ်က ပြန်သိမ်းယူဖို့ထိုးစစ်ဆင်နေပြီး စီမံကိန်းလမ်းကြောင်းတလျှောက်ကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်မှုတွေအပြင်းအထန်ပြုလုပ်နေပါတယ်။








