Border News Agency
ကျောက်တော်၊အောက်တိုဘာ ၇။
အာရက္ခဒေသမှာ ရဲဝင်းဦးတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာပြီးနောက်ပိုင်း ခြောက်လတာအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းမှအစုအပြုံလိုက်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ပြည်သူခြောက်ဆယ်လေးဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ISP-Myanmar က အောက်တိုဘာလ ၇ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီခြောက်လတာအတွင်း နိုင်ငံတဝှမ်းလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူတရာ့တဆယ့်တဦးထဲက ခြောက်ဆယ်လေးဦးဟာ အာရက္ခဒေသတခုတည်းမှာသေဆုံးခဲ့ရတာဖြစ်ပြီး အာရက္ခပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ပိုမိုဆိုးရွားလာနေတာကို ပြသနေတာပါ။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့ကဆိုရင်လည်းကျောက်တော်မြို့ အိန္ဒိယဈေးနဲ့ကစ္ဆပနီတံတားအနီးကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့အရပ်သားငါးဆယ်ဦးသေဆုံးပြီး ခြောက်ဆယ်နီးပါးဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ်အပါအဝင် အစုအပြုံလိုက်သတ်ဖြတ်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီး ငါးနှစ်ကျော်ကာလအတွင်း နိုင်ငံတဝှမ်းမှာ အစုအပြုံလိုက်သတ်ဖြတ်ခံရမှု တရာ့တဆယ့်တကြိမ်ထက်မနည်းရှိခဲ့ပြီး အရပ်သားနှစ်ထောင့်သုံးရာနှစ်ဆယ့်လေးဦးအထိသေဆုံးခဲ့ရကာ အဲဒီအထဲအာရက္ခဒေသဟာ လေကြောင်းတိုက်ခိုက်မှု အများဆုံးခံနေရတဲ့ ဒေသတခုဖြစ်နေတာပါ။
အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က စစ်ရေးနဲ့မသက်ဆိုင်တဲ့ပြည်သူ့အဆောက်အအုံတွေ၊ ဈေးတွေနဲ့မြို့ပြနေရာတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေရက်ရက်စက်စက်အစုအပြုံလိုက်သတ်ဖြတ်မှုတွေကို ပိုမိုတိုးမြှင့်လုပ်ဆောင်လာနေတာဖြစ်ပါတယ်။









