Border News Agency
နေပြည်တော်၊အောက်တိုဘာ ၉။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ မလေးရှားခရီးစဉ်အတွင်း အာဆီယံမှာမြန်မာနိုင်ငံဟာ မရှိမဖြစ်ပါဝင်ဖို့လိုအပ်တယ်လို့ မလေးရှားဝန်ကြီးချုပ်ကပြောကြားခဲ့ကြောင်း အာဏာသိမ်းစစ်တပ်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ခိုင်ခိုင်စိုးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတဝှမ်းစစ်ရာဇဝတ်မှုတွေကိုအရှိန်အဟုန်မြှင့်ကျူးလွန်နေပြီး အာဆီယံရဲ့ ဘုံသဘောတူညီချက်ငါးချက်ကို လိုက်နာဖို့ပျက်ကွက်နေတာမို့ အာဆီယံထိပ်သီးအစည်းအဝေးတွေသို့ နိုင်ငံရေးအရကိုယ်စားပြုခွင့်ပိတ်ပင်ခံထားရဆဲဖြစ်ပါတယ်။
အဲဒီအပြင် မလေးရှားနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံတွေဟာတရားမဝင် အာဏာသိမ်းစစ်တပ်ကြောင့်ဖြစ်ပေါ်လာတဲ့ ဒေသတွင်းမတည်ငြိမ်မှုတွေ၊မူးယစ်ဆေးဝါးနဲ့ လူကုန်ကူးမှုပြဿနာတွေအတွက် စစ်တပ်ကိုဖိအားပေးဆွေးနွေးနေရတာသာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ထုတ်ပြန်ချက်တွေနဲ့မြေပြင် အခြေအနေမှာလုံးဝဆန့်ကျင်ဘက်ဖြစ်နေပြီး သံတမန်ရေးအရအသိအမှတ်ပြုခံရစေဖို့ ပုံဖော်ဝါဒဖြန့်နေတာသာဖြစ်ကြောင်း ဒေသတွင်းလေ့လာသူတွေကထောက်ပြကြပါတယ်။






