Border News Agency
မဲဆောက်၊အောက်တိုဘာ ၃၀။
မြန်မာဘက်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ ထိုင်းဘက်ခြမ်းကိုကျရောက်ပေါက်ကွဲပြီး ထိုင်းနိုင်ငံသားတွေ ထိခိုက်ပျက်စီးမှုတွေဖြစ်လာတာကြောင့် မဲဆောက်နဲ့ဖော့ဖရာမြို့နယ်ဘက်က နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကို ထိုင်းစစ်တပ်ကခုနှစ်ရက်ကြာပိတ်လိုက်ပါတယ်။
ဒီပိတ်ပင်မှုကိုတော့ အောက်တိုဘာလ ၃၀ ရက်ကနေ နိုဝင်ဘာ ၅ ရက်နေ့အထိ သတ်မှတ်ထားတာဖြစ်ပြီး သောင်ရင်းမြစ်တလျှောက်က တရားဝင်မဟုတ်တဲ့ ကူးသန်းရောင်းဝယ်ရေးလမ်းကြောင်းတွေနဲ့ လှေတင်လှေချ ဆိပ်ကမ်းအားလုံးကို ယာယီရပ်ဆိုင်းထားခိုင်းလိုက်တာပါ။
မြဝတီဘက်မှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတာကြောင့် လက်နက်ကြီးကျည်တွေက မဲဆောက်မြို့နယ် မယ်ကိုကင်းကျေးရွာဘက်ထိကျရောက်ခဲ့ပြီး ထိုင်းပြည်သူတွေထိခိုက်ဒဏ်ရာရတာနဲ့ အိမ်တွေပျက်စီးတာတွေရှိခဲ့လို့ အခုလို တင်းတင်းကျပ်ကျပ်အရေးယူလာတာဖြစ်ပါတယ်။
အခုလိုလုပ်ဆောင်တာဟာ နယ်စပ်လုံခြုံရေးကိုထိန်းချုပ်ချင်တာဖြစ်သလို တိုက်ပွဲဖြစ်နေတဲ့အဖွဲ့တွေဘက်ကို ကုန်စည်နဲ့အထောက်အပံ့တွေမရောက်သွားအောင် တားဆီးတဲ့သဘောလည်းဖြစ်တယ်လို့ ထိုင်းစစ်တပ်ဘက်က ဆိုထားပါတယ်။







