Border News Agency
နေပြည်တော်၊ အောက်တိုဘာ ၃၀။
ပြည်ပမှာအလုပ်လုပ်နေသူတွေခွင့်နဲ့ မြန်မာနိုင်ငံကိုခဏပြန်လာပြီးနောက်ပြန်ထွက်ခွင့် လျှောက်ရာမှာ ရန်ကုန်မှာလူကိုယ်တိုင် လာလျှောက်ရမယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက အောက်တိုဘာလ ၃၀ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အရင်ကစာတိုက်နဲ့အမြန်ချောပို့တွေကနေ လျှောက်လို့ရတဲ့စနစ်ကိုဖျက်လိုက်တာဖြစ်ပြီး လာမယ့် နိုဝင်ဘာလ ၁ ရက်ကစလို့ ရန်ကုန်မြောက်ဒဂုံမှာရှိတဲ့ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းမှာ လူကိုယ်တိုင်လာလျှောက်ရမှာဖြစ်ပါတယ်။
အဲဒီအပြင် ပြည်ပကိုပြန်ထွက်မယ့် အလုပ်သမားတွေအနေနဲ့ OWIC ကတ်မဖြစ်မနေရှိရမှာဖြစ်ပြီး ဝင်ငွေခွန်နှစ်ရာခိုင်နှုန်းပေးထားတဲ့ အထောက်အထား ဒါမှမဟုတ် မိသားစုဆီငွေနှစ်ဆယ့်ငါးရာခိုင်နှုန်း လွှဲထားတဲ့ အထောက်အထားတွေပါ ပူးတွဲတင်ပြရမှာပါ။
ကတ်သက်တမ်းကုန်သူတွေနဲ့ အလုပ်ရုံပြောင်းသူတွေအတွက်လည်း သတ်မှတ်ချက်အတိုင်း သက်တမ်းတိုးတာနဲ့ ပြင်ဆင်တာတွေကို လူကိုယ်တိုင်လာလုပ်ရမယ်လို့ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်က ပြည်ပထွက်ခွာခွင့်စည်းကမ်းတွေကို ဆက်တိုက်တင်းကျပ်နေတာကြောင့် ခွင့်နဲ့ပြန်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ပြန်ထွက်ဖို့အတွက် အခက်အခဲနဲ့ စိုးရိမ်မှုတွေမြင့်တက်နေပါတယ်။







