Border News Agency
မနီလာ၊နိုဝင်ဘာ ၉။
ဖိလစ်ပိုင်နိုင်ငံ၊မနီလာမြို့မှာ နိုဝင်ဘာလ ၁၆ ရက်မှ ၁၈ ရက်ထိကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုမဖိတ်ဖို့ အာဆီယံ လွှတ်တော်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR) နဲ့မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) တို့က နိုဝင်ဘာ လ ၉ ရက်၊ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့ ထိပ်တန်းတာဝန်ရှိသူတွေကို အာဆီယံအဆင့်မြင့်အစည်းအဝေးသို့ ဖိတ်တာဟာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ဘေးဖယ်ရာရောက်စေသလို အာဏာသိမ်းစစ်တပ်ရဲ့ ရာဇဝတ်မှုကျူးလွန်မှုတွေမှာ ပါဝင်ပတ်သက်ရာရောက်သွားနိုင်တယ်လို့ထောက်ပြထားတာပါ။
အာဆီယံအဖွဲ့က သဘောထား လျှော့ပေါ့ပေးတဲ့ အကြိမ်တိုင်းမှာ အာဏာသိမ်းစစ်တပ်ဘက်မှလေကြောင်းတိုက်ခိုက်တာတွေ ပိုလုပ်လေ့ရှိပြီး ပြီးခဲ့တဲ့အောက်တိုဘာလကလည်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးဆယ့်နှစ်ဦး အပါအဝင် အရပ်သားတရာထက်မနည်း သေဆုံးခဲ့ရပါတယ်။
အဲဒီအပြင် ဆေးရုံနဲ့စာသင်ကျောင်းတွေကိုပါမချန် လေကြောင်းမှပစ်မှတ်ထားတိုက်ခိုက်နေတဲ့အာဏာသိမ်းစစ်တပ်ကို တရားဝင်မှုမပေးဖို့နဲ့ ကုလသမဂ္ဂအထူးသံတမန်ဂျူလီဘစ်ရှော့ပ်ရဲ့ ပြောကြားချက်အရမြန်မာနိုင်ငံ နယ်မြေခုနှစ်ဆယ်ရာခိုင်နှုန်းကျော်ကို တော်လှန်ရေးအင်အားစုတွေကစိုးမိုးထားပြီလို့ဆိုပါတယ်။
အဲဒါကြောင့် မနီလာ ထိပ်သီးအစည်းအဝေးသို့ မင်းအောင်လှိုင်ကို တက်ရောက်ခွင့် မပြုဖို့၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့အာဆီယံခေါင်းဆောင်တွေကို တိုက်တွန်းထားပါတယ်။





