Border News Agency
နွားထိုးကြီး၊ နိုဝင်ဘာ ၂၃။
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာ နိုဝင်ဘာ ၂၁ ရက်နေ့က ကင်းလှည့်ထွက်လာတဲ့ အာဏာသိးမ်စစ်အုပ်စုကို တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ အာဏာသိမ်းစစ်သားနှစ်ဦးသေဆုံးသွားတယ်လို့ ထနောင်းမြေစစ်ကြောင်းကထုတ်ပြန်ပါတယ်။
နွားထိုးကြီးမြို့နယ်၊ ရွာကြီးကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်စခန်းမှ ကင်းလှည့်ထွက်လာတဲ့စစ်အုပ်စုကို နိုဝင်ဘာ ၂၁ ရက်၊ မနက် ၇ နာရီခန့်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ခြုံခိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးပြီး တဦးအရှင်ဖမ်းမိခဲ့အပြင် သေနတ်နှစ်လက်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင်ထနောင်းမြေစစ်ကြောင်း၊ မြင်းခြံမြို့နယ် ပကဖနဲ့ တိုက်နယ် ၁ ပကဖ၊ ပြည်သူ့ကြယ်တပွင့် ပြောက်ကျားတပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။







