Border News Agency
နယူးဒေလီ၊ ဇန်နဝါရီ ၂၇ ။
အိန္ဒိယနိုင်ငံရဲ့ ၇၇ ကြိမ်မြောက် ပြည်ထောင်စုနေ့ (Republic Day)အခမ်းအနားကို နယူးဒေလီမြို့ကကာတာဗ်ယပတ်လမ်း (Kartavya Path) မှာ ဇန်နဝါရီ ၂၆ ရက်နေ့က ခမ်းခမ်းနားနား ကျင်းပခဲ့ပါတယ်။
အဲဒီအခမ်းအနားကို နိုင်ငံအဆင့်အရာရှိကြီးတွေ၊ နိုင်ငံတကာ ဧည့်သည်တော်တွေနဲ့ ပြည်သူအများအပြား တက်ရောက်ခဲ့ကြပါတယ်။
ဒီနှစ်အခမ်းအနားမှာ အိန္ဒိယရဲ့ စစ်ဘက်ဆိုင်ရာအင်အားနဲ့ နည်းပညာတိုးတက်မှုတွေကို ကမ္ဘာကသိအောင် ထုတ်ဖော်ပြသနိုင်ခဲ့ပါတယ်။
စစ်ရေးပြပွဲအတွင်းမှာ အသံထက်မြန်တဲ့ BrahMos ခရုဇ်ဒုံးကျည်၊ပြည်တွင်းဖြစ် Akash လေကြောင်းရန်ကာကွယ်ရေးစနစ်၊ ရုရှားနိုင်ငံထုတ် အဆင့်မြင့် S-400 ဝေဟင်ကာကွယ်ရေး ဒုံးကျည်စနစ်တွေအပြင် T-90 (Bhishma) တိုက်ပွဲဝင် တင့်ကားတွေကိုလည်း ထည့်သွင်းပြသခဲ့ပါတယ်။
စစ်ရေးလေ့လာသူတွေကတော့ အိန္ဒိယဟာဒေသတွင်းကာကွယ်ရေးကဏ္ဍမှာ ထိပ်တန်းအဆင့်ကို ရောက်ရှိနေပြီလို့ သုံးသပ်နေကြပါတယ်။
အဲဒီ အပြင် တပ်မတော်ဆိုင်ကယ်စီးအဖွဲ့ (Daredevils) ရဲ့ ဆိုင်ကယ်ပေါ်မှာ ဟန်ချက်ထိန်းပြီး ပိရမစ်ပုံစံအပါအဝင် ပုံစံမျိုးစုံ စီးနင်းပြသတဲ့ စွမ်းရည်ပြပွဲကလည်း ပရိသတ်တွေကို အထူးဆွဲဆောင်ခဲ့ပါတယ်။
နောက်ပြီးလေတပ် (IAF) ကလည်းRafale၊ Su-30၊ MiG-29 နဲ့ Jaguar တိုက်လေယာဉ်တွေသုံးပြီး နယူးဒေလီဝေဟင်ထက်မှာ ပုံစံမျိုးစုံ စုဖွဲ့ပျံသန်းကာ အိန္ဒိယလေတပ်ရဲ့ အဆင်သင့်ဖြစ်မှုကို ပြသခဲ့ကြပါတယ်။
























