Border News Agency
မဲဆောက်၊ ဇန်နဝါရီ ၂၈။
ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သမားတွေအပေါ် ခွဲခြားဆက်ဆံတာနဲ့ အဖမ်းအဆီး ကြမ်းလာတာတွေကို ဆန့်ကျင်တဲ့အနေနဲ့ ဆယ့်လေးရက်တာအပြင်မထွက် အသံတိတ်နေထိုင်ခြင်း (14 Days Silence Strike) လှုပ်ရှားမှုကို ထိုင်းရောက်မြန်မာတွေ ကျယ်ကျယ်ပြန့်ပြန့် စတင်လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။
အဲဒီလှုပ်ရှားမှုကို ဇန်နဝါရီလတတိယပတ်ကစတင်ပြီး TikTok နဲ့ Facebook စတဲ့ လူမှုကွန်ရက်တွေကတဆင့် တဦးကိုတဦးမျှဝေနှိုးဆော်ရင်း အင်အားကောင်းလာခဲ့တာပါ။
အဲဒီလို အသံတိတ်လှုပ်ရှားမှုပေါ်ပေါက်လာရတာဟာ “ထိုင်းမျိုးချစ် (နှုတ်ခမ်းမွှေး) အဖွဲ့” က မြန်မာလုပ်သမားတွေရဲ့နေထိုင်မှုနဲ့ ဈေးရောင်းချမှုတွေကို လိုက်လံမှတ်တမ်းတင်ရန်စတာတွေကို တုံ့ပြန်ရာကနေစတင်ခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့် လက်ရှိမှာထိုင်းအာဏာပိုင်တွေရဲ့ တရာ့နှစ်ဆယ်ရက်စီမံချက်ပြီးဆုံးသွားပေမယ့် တရားမဝင်လုပ်သားရှာဖွေရေး အကြောင်းပြချက်နဲ့ ဈေးနဲ့လူစည်ကားတဲ့နေရာတွေမှာ မြန်မာတွေကိုဆက်တိုက်ဖမ်းဆီးနေဆဲ ဖြစ်ပါတယ်။
”ဒီလှုပ်ရှားမှုက မြန်မာတွေဝယ်ယူအားပေး လည်ပတ်နေတဲ့ထိုင်းဈေးတွေနဲ့ ကုန်တိုက်တွေမှာ မြန်မာတွေရဲ့အင်အားကို ပြသတာပါ။ မြန်မာတွေရဲ့ အားပေးမှုလျော့သွားရင် ထိုင်းစီးပွားရေးကဏ္ဍမှာမြန်မာတွေဟာ ဘယ်လောက်အထိ အရေးပါတဲ့နေရာမှာ ရှိနေလဲဆိုတာကိုသိအောင် လုပ်ပြတာဖြစ်တယ်။” လို့ ထိုင်းရောက်မြန်မာတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီလှုပ်ရှားမှုကြောင့် စမွတ်စခွန် (မဟာချိုင်) ရှိ ယူနစ်ဝေလဈေး၊ ထိုင်းယူနစ်ဈေးနဲ့ တလာထိုင်းစတဲ့ နာမည်ကြီးတနင်္ဂနွေဈေးတွေမှာ ယခင်ကမြန်မာလုပ်သား ထောင်နဲ့ချီစည်ကားခဲ့ပေမယ့် ဇန်နဝါရီ ၂၅ ရက် တနင်္ဂနွေနေ့မှာတော့ လူဦးရေခုနှစ်ဆယ်ရာခိုင်နှုန်းလောက်အထိ သိသိသာသာလျော့နည်းသွားခဲ့ပါတယ်။
အဲဒါကြောင့် လက်ရှိမှာမြန်မာလုပ်သားအများစုဟာ အလုပ်တက်၊ အလုပ်ဆင်းချိန်ကလွဲရင် အားလပ်ရက်တွေမှာတောင် အဆောင်ပြင်ပကိုမထွက်ဘဲ အသံတိတ်နေထိုင်နေကြတာပါ။
မြန်မာ့အရေးလှုပ်ရှားသူတွေကလည်း ရန်ကိုရန်နဲ့မတုံ့ပြန်ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ တုံ့ပြန်ကြဖို့ တိုက်တွန်းထားပါတယ်။
အဲဒီလှုပ်ရှားမှုဟာ မြန်မာတွေရဲ့စည်းလုံးမှုကို ပြသရုံတင်မကဘဲ ကိုယ့်ကိုယ်ကိုယ်အန္တရာယ်ကနေ ကာကွယ်ရာလည်းရောက်တယ်လို့ ပါဝင်သူတွေကဆိုပါတယ်။
”ကျွန်တော်တို့အပြင်မထွက်ရင် ရန်စခံရတာ၊ ဖမ်းဆီးခံရတာတွေကနေ ကင်းဝေးမယ်။ တဖက်ကလည်း မြန်မာတွေဈေးမဝယ်တော့ရင် ထိုင်းတွေဘက်က စီးပွားရေးဘယ်လောက် နစ်နာမလဲဆိုတာ သူတို့သိသွားအောင်လို့ပါ။ ကျွန်တော်တို့ မြန်မာတွေစည်းစည်းလုံးလုံးနဲ့ ဇန်နဝါရီ ၂၆ ရက်ကနေ စတင်လှုပ်ရှားနေပါပြီ။” လို့ လှုပ်ရှားမှုမှာပါဝင်တဲ့ မြန်မာအလုပ်သမားတဦးက Border News Agency ကိုပြောပါတယ်။
အဲဒီဆယ့်လေးရက်တာလှုပ်ရှားမှုအတွင်းမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ Passport၊ CI နဲ့ Work Permit စတဲ့ အထောက်အထားမပြည့်စုံရင် အပြင်မထွက်ကြဖို့အချင်းချင်းသတိပေးနေကြပါတယ်။
အဲဒီအပြင် လူစုလူဝေးလုပ်တာ၊ အရက်သောက်ဆူညံတာတွေကို ရှောင်ကြဉ်ဖို့နဲ့ အွန်လိုင်းပေါ်မှာလည်း ထိုင်းလူမျိုးတွေကို ရိုင်းစိုင်းစွာပြန်လည်တုံ့ပြန်တာမျိုးမလုပ်ကြဖို့ လှုပ်ရှားသူတွေကအသိပေးထားပါတယ်။
”ထိုင်းနိုင်ငံမှာမြန်မာတွေသာမရှိရင် ကျောင်းအချို့ ပိတ်လိုက်ရမှာဖြစ်သလို၊ ဈေးကွက် စီးပွားရေးနဲ့ အိမ်ခြံမြေလုပ်ငန်းတွေပါ ရပ်နားသွားရလိမ့်မယ်” ထိုင်းလူမျိုးဆရာမတဦးကလည်း သူမရဲ့ လူမှုကွန်ရက်မှာရေးသားထားပါတယ်။
မြန်မာအရေး လှုပ်ရှားသူတွေကတော့ ထိုင်းနိုင်ငံမှာနေထိုင်တဲ့အခါ ထိုင်းနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ ဥပဒေတွေကိုလေးစားလိုက်နာပြီး စနစ်တကျနေထိုင်သွားကြဖို့လည်း မြန်မာရွှေ့ပြောင်း လုပ်သားထုကို အထူးတိုက်တွန်းထားကြပါတယ်။






















