Border News Agency
လယ်ဒို၊ မေ ၁။
ပဲခူးတိုင်း၊ လယ်ဒိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံးပြီး ငါးဦးဒဏ်ရာရသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဧပြီလ ၃၀ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီလယ်ဒိုမြို့နယ်၊လယ်မူသောကျေးရွာကို ဧပြီလ ၂၄ ရက်နေ့က အာဏာသိမ်းစစ်တပ်က လေကြောင်းမှငါးကြိမ်ထိတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတဦးသေဆုံးခဲ့ပြီး ငါးဦးဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် လယ်မူသောဆေးခန်းရဲ့ လူနာဆောင်နှစ်ဆောင်၊ နေအိမ်လေးလုံးနဲ့ ကားတစီးပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊ အဆောက်အဦတွေကို ဒရုန်း၊ လက်နက်ကြီး၊ လေယာဉ်တွေနဲ့ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားတိုက်ခိုက်လာနေတာကြောင့် အရပ်သားပြည်သူတွေသေဆုံး၊ဒဏ်ရာရနေကြပါတယ်။




















