Border News Agency
မလေးရှား၊ဇူလိုင် ၂၃။
မလေးရှားနိုင်ငံ၊ကဒါဟ်ပြည်နယ်၊လန်ကာဝီကျွန်းမှာ ဇူလိုင်လ ၂၁ ရက်နေ့က စစ်ဆင်ရေး ပြုလုပ်ခဲ့ရာ စိစစ်စစ်ဆေးသူ ခြောက်ဆယ့်နှစ်ဦးထဲက တရားမဝင်ရွှေ့ပြောင်းလုပ်သား နှစ်ဆယ့်ကိုးဦး ဖမ်းဆီးခံခဲ့ရပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ ဘင်္ဂလားဒေ့ရှ် တဆယ့်လေးဦး၊ အင်ဒိုနီးရှား ခြောက်ဦး၊ နီပေါ ငါးဦး၊ ထိုင်း သုံးဦးနဲ့ မြန်မာ အမျိုးသား တဦးတို့ ပါဝင်ပြီး အသက် နှစ်ဆယ် ကနေ ငါးဆယ်ကြား ရှိကြပါတယ်။
သူတို့ဟာ တရားဝင် ဗီဇာမရှိဘဲနေထိုင်တာ၊ ဗီဇာသက်တမ်းကုန်တဲ့အထိလွန်လွန်ကဲကဲ နေထိုင်တာနဲ့ ပါမစ်စည်းကမ်းချက်တွေချိုးဖောက်တာကြောင့် ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။
စစ်ဆင်ရေးအတွင်း သက်သေအဖြစ် ဆင့်ခေါ်စာလေးစောင် ထုတ်ပြန်ခဲ့ပြီး အဖမ်းခံရသူတွေကို လန်ကာဝီ လူဝင်မှုကြီးကြပ်ရေး ထိန်း
သိမ်းရေးထောင်သို့ ပို့ဆောင်ထားပါတယ်။
























