Border News Agency
အမေရိကန်၊ သြဂုတ် ၁၃။
အမေရိကန်ပြည်ထောင်စု၊ တက်ဆပ်စ်ပြည်နယ် ဆာလာဒိုမြို့အနီးမှာ ဩဂုတ်လ ၁၂ ရက်နေ့က အမေရိကန် ကြည်းတပ်မတော်ပိုင် AH-64 Apache တိုက်ခိုက်ရေး ဟယ်လီကော်ပတာတစီး ပျက်ကျခဲ့တာကြောင့် စစ်သည် နှစ်ဦး သေဆုံးသွားခဲ့ပါတယ်။
အဲဒီပျက်ကျသွားတဲ့ ဟယ်လီကော်ပတာဟာ ဖော့တ်ဟူးဒ်စစ်စခန်းမှာ အခြေစိုက်ထားတာဖြစ်ပြီး ဒေသစံတော်ချိန် နေ့လည် ၁ နာရီ ၃၀မိနစ်အချိန်ခန့်မှာ ပျက်ကျခဲ့တာကြောင့် ကွင်းပြင်အတွင်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာပါ။
အဲဒီဖြစ်စဉ်ကြောင့် အနီးအနားရှိ အဆောက်အအုံတွေနဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီးမှုမရှိခဲ့ဘူးလို့ ဘဲလ်ကောင်တီ ရဲမှူးရုံးက အတည်ပြုပြောကြားထားပါတယ်။
ပထမ မြင်းတပ်မဟာယာယီတပ်မှူး ဗိုလ်မှူးချုပ် အီသန်ဒိုင်ဗင်က ဝမ်းနည်းကြေကွဲကြောင်း ထုတ်ဖော်ပြောဆိုထားပြီး သေဆုံးသူ စစ်သည်တွေရဲ့အမည်စာရင်းကိုတော့ မိသားစုထံအကြောင်းကြားပြီး နှစ်ဆယ့်လေးနာရီကြာမှသာ ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။
အဲဒီဖော့တ်ဟူးဒ်စစ်စခန်းမှ တာဝန်ရှိသူတွေဟာ ဒေသတွင်းအရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး အခင်းဖြစ်ပွားရာနေရာမှာ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။












