Border News Agency
ထိုင်း၊သြဂုတ် ၁၃။
ထိုင်းနိုင်ငံအတွင်း ပြစ်ဒဏ်အမျိုးမျိုးကျခံခဲ့ရတဲ့ မြန်မာနိုင်ငံသားတရာ့ရှစ်ဆယ့်လေးဦးကို ထိုင်းအာဏာပိုင်တွေကဩဂုတ်လ ၁၃ ရက်မှာရနောင်းမြို့ အကောက်ခွန်ဆိပ်ကမ်းမှတဆင့် ကော့သောင်းမြို့ကို ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။
အဲဒီလွှဲပြောင်းပေးမှုမှာ ရနောင်းခရိုင်ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေပူးပေါင်းပြီး ဒီနေ့မနက်ပိုင်းမှာ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
ပြန်လည်ပို့ဆောင်ပေးလိုက်တဲ့အထဲမှာ မြန်မာအမျိုးသားတရာ့ငါးဆယ့်ကိုးဦးနဲ့ အမျိုးသမီးနှစ်ဆယ့်ငါးဦးပါဝင်ပါတယ်။
အဲဒီမြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံမှာပြစ်ဒဏ်အမျိုးမျိုးနဲ့ကျခံခဲ့ရပြီး ရနောင်းပြန်လည်ပို့ဆောင်ရေးဌာနမှာ ထိန်းသိမ်းခံထားရသူတွေဖြစ်ကြပါတယ်။
အဲဒီဌာနကနေတဆင့် လစဉ်ပုံမှန်ပြန်လည်ပို့ဆောင်နေတာလည်းဖြစ်ပါတယ်။
ဒီနှစ်ဇန်နဝါရီလကနေ ဇူလိုင်လကုန်အထိ ရနောင်းဘက်ကနေကော့သောင်းဘက်ကို ပြန်လည်ပို့ဆောင်ခံရတဲ့ မြန်မာလုပ်သားကိုးရာကျော်ရှိပြီလို့ သိရပါတယ်။








