Border News Agency
စစ်ကိုင်း၊သြဂုတ် ၁၃။
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်မူးမြစ်တလျှောက်ကကျေးရွာတွေကို သဖန်းဆိပ်ဆည်ကနေရေထပ်လွှတ်လိုက်ပြီဖြစ်လို့ စိုးရိမ်ရေအမှတ်ထက်ကျော်ပြီး ရေထပ်ကြီးလာနိုင်ပါတယ်။
အဲဒါကြောင့် အနီးအနားကပြည်သူတွေအနေနဲ့ ရေလွတ်တဲ့နေရာတွေကို အမြန်ဆုံးပြောင်းရွှေ့ပေးကြဖို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေး နှိုးဆော်ထားပါတယ်။
အခုရက်ပိုင်းရေနည်းနည်းကျသွားပြီဆိုပြီး ရွာထဲပြန်ဝင်ဖို့ပြင်နေကြတဲ့ ရေဘေးသင့်ပြည်သူတွေလည်း ဘေးလွတ်ရာမှာပဲဆက်နေပေးကြဖို့ တိုက်တွန်းထားပါတယ်။
ရေထပ်တက်လာနိုင်ချေရှိနေသေးတာမလို့ သတိမပေါ့ကြဘဲကြိုတင်ပြင်ဆင်ထားကြဖို့လည်း မှာကြားထားတာပါ။
အဲဒီဒီပဲယင်းမြို့နယ်ထဲက ရေဘေးသင့်ပြည်သူတွေကိုဒေသတွင်းတော်လှန်ရေးအင်အားစုတွေ၊ စေတနာရှင်တွေနဲ့ မြို့နယ် ပအဖ၊ ပကဖ၊ ပလဖ၊ PDF တပ်ရင်းတွေစုပေါင်းပြီး ရနိုင်သမျှနည်းလမ်းမျိုးစုံနဲ့ ကွင်းဆင်းကူညီကယ်ဆယ်ထောက်ပံ့ပေးနေကြပါတယ်။
ဒါပေမယ့် အခုထိလိုအပ်ချက်တွေအများကြီးရှိနေသေးတာမလို့ ရေဘေးသင့်ပြည်သူတွေအတွက် အကူအညီတွေအရေးတကြီးလိုအပ်နေဆဲဖြစ်ပါတယ်။
စေတနာရှင် ပြည်သူတွေအနေနဲ့လည်း တတ်နိုင်သမျှဝိုင်းဝန်းကူညီထောက်ပံ့ပေးကြဖို့ မြို့နယ်ပအဖက မေတ္တာရပ်ခံထားပါတယ်။










