Border News Agency
သံတွဲ၊ သြဂုတ် ၁၃။
အာရက္ခဒေသအပါအဝင် မြန်မာနိုင်ငံတဝှမ်း ဇူလိုင်လအတွင်း အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးနှစ်ဆယ်ခြောက်ဦးသေဆုံးခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂက သြဂုတ်လ ၁၃ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီသေဆုံးခဲ့ရသူတွေထဲမှာ စစ်ကိုင်းနဲ့ပဲခူးမှာ ရှစ်ဦးစီနဲ့အများဆုံးသေဆုံးခဲ့သလို အာရက္ခဒေသမှာလည်း ငါးဦးအထိပါဝင်နေတာပါ။
အဲဒီအပြင်လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်ဆယ့်လေးဦးနဲ့ လက်နက်ကြီးကြောင့် နှစ်ဦးသေဆုံးခဲ့ရပြီး အဲဒီထဲမှာ အသက် တဆယ့်ရှစ်နှစ်အောက် အမျိုးသမီးငယ်လေးဦးနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးသုံးဦးလည်း အသက်ဆုံးရှုံးခဲ့ရပါတယ်။
တိုက်ခိုက်မှုတွေကြောင့် နိုင်ငံတဝှမ်းအမျိုးသမီးလေးဆယ့်ငါးဦး ဒဏ်ရာရရှိခဲ့ပြီး ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကြုံတွေ့ရသူလည်း ပါဝင်နေတယ်လို့ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အာရက္ခဒေသအပါအဝင် နိုင်ငံတဝှမ်းစစ်ရာဇဝတ်မှုတွေကို ဆက်တိုက်ကျူးလွန်နေတာကြောင့် စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို အဆုံးသတ်နိုင်ဖို့အားကောင်းပြီး တိကျတဲ့လက်တွေ့လုပ်ဆောင်ချက်တွေကို ပြည်သူတွေ အရေးတကြီး လိုအပ်နေတယ်လို့ဆိုပါတယ်။










