Border News Agency
မဲဆောက်၊ ဩဂုတ် ၂၁။
ထိုင်းနိုင်ငံ၊မဲဆောက်မြို့မှာ ဩဂုတ်လ ၂၁ ရက်၊ဒီနေ့မနက်အစောပိုင်းကစပြီး မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် ရုတ်တရက်ရေကြီးရေလျှံမှုတွေဖြစ်ပွားကာ မြို့ရဲ့အဓိကစီးပွားရေးဇုန်တွေ ရေလွှမ်းမိုးခံခဲ့ရပါတယ်။
အဲဒီရေကြီးမှုကြောင့် မဲဆောက်မြို့မဈေးကြီးနဲ့ မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေအနက် ၃၀ ကနေ ၅၀ စင်တီမီတာအထိဝင်ရောက်ခဲ့ပြီး ကုန်သည်တွေနဲ့ဒေသခံတွေဟာ ပစ္စည်းတွေကိုကုန်းမြင့်ပိုင်းသို့ အရေးပေါ် ရွှေ့ပြောင်းခဲ့ကြရတာပါ။
အဲဒီအပြင် ထိုင်း-မြန်မာနယ်စပ်ကိုပိုင်းခြားထားတဲ့ သောင်းရင်းမြစ်ရေဟာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ကမ်းပါးထက် ၁ မီတာကျော်ရေလျှံတက်လာခဲ့ပြီး မြန်မာဘက်ခြမ်းရှိ မြဝတီမြို့မှာလည်းရေကြီးမှုဒဏ်ကို ဆိုးဆိုးရွားရွားခံစားနေရပါတယ်။
ခုလက်ရှိမှာ တာဝန်ရှိသူတွေကသက်ကြီးရွယ်အိုတွေနဲ့ လူနာတွေကို ဘေးကင်းရာကိုရွှေ့ပြောင်းပေးနေပြီး မဲဆောက်နဲ့ မယ်ရမတ်မြို့နယ်တွေမှာရှိတဲ့ဒေသခံတွေကိုလည်း ပစ္စည်းတွေနဲ့ယာဉ်တွေကို ကုန်းမြင့်ပိုင်းသို့ ချက်ချင်းရွှေ့ပြောင်းကြဖို့ အသိပေးနှိုးဆော်ထားပါတယ်။














