Border News Agency
ရန်ကုန်၊ နိုဝင်ဘာ ၁၄။
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ကွန်ဒိုတခုမှာ အွန်လိုင်းငွေလိမ်လည်မှုနဲ့ လောင်းကစားလုပ်ငန်း လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံမှ ဆုကြေးငွေထုတ်ပြန်ထားသူတဦးအပါအဝင် စုစုပေါင်းတရာ့ခြောက်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်က နိုဝင်ဘာလ ၁၃ ရက်နေ့က ထုတ်ပြန်ပါတယ်။
အဲဒီသာကေတမြို့နယ်၊အမှတ် (၈) ရပ်ကွက်၊ နဝရတ်လမ်းရှိ အောင်ကောင်းကျော်အိမ်ရာဝန်းအတွင်းက Golden River Residence Condo ကို နိုဝင်ဘာလ ၁၂ ရက်နေ့က ဝင်ရောက်စီးနင်းစဉ် တရုတ်နိုင်ငံမှဆုကြေးထုတ်ထားသူ Su Fu Quanအပါအဝင် တရားမဝင်တရုတ်နိုင်ငံသား ငါးဆယ့်နှစ် ဦး၊ ဗီယက်နမ်နိုင်ငံသား ရှစ်ဦးနဲ့ မြန်မာနိုင်ငံသားလေးဆယ့်ခြောက်ဦးတို့ကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
အဲဒီအပြင် ငွေလိမ်လုပ်ငန်းမှာ အသုံးပြုတဲ့ ကွန်ပျူတာတရာ့နှစ်ဆယ့်တလုံး၊ Laptop ငါး လုံး၊ Server တလုံး၊ လက်ကိုင်ဖုန်းတရာ့ကိုးဆယ်လုံး၊ Wi-Fi စက်ခုနှစ်လုံး၊ နိုင်ငံကူးလက်မှတ်ခုနှစ်အုပ်နဲ့ ဘဏ်စာအုပ် လေးအုပ်တို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ပါတယ်။
ဖမ်းဆီးရမိသူတွေဟာ အဖွဲ့ငါးဖွဲ့ခွဲကာ တရုတ်၊ ဂျပန်၊ ကိုရီးယားနဲ့ အိန္ဒိယနိုင်ငံသားတွေကို အမျိုးသမီးတွေနဲ့ တွေ့ဆုံပျော်ပါးနိုင်မယ်လို့ မက်လုံးပေးစည်းရုံးပြီး ငွေကြေးလိမ်လည်ခဲ့သလို ဘရာဇီးနဲ့ ကိုလံဘီယာနိုင်ငံသားတွေကိုလည်း အွန်လိုင်းဈေးဝယ်လုပ်ငန်း အယောင်ဆောင်ကာလိမ်လည်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တာပါ။
အဲဒီလိမ်လည်မှုတွေမှာ သားကောင်တဦးကိုအများဆုံး တရုတ်ယွမ်ငွေ လေးသောင်းရှစ်ထောင်ထိ လိမ်လည်ရယူနိုင်ခဲ့ပြီး လက်ရှိမှာဖမ်းဆီးရမိသူတွေကို တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူနိုင်ဖို့ ဆက်လက်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
















