Border News Agency
စစ်တွေ၊နိုဝင်ဘာ ၁၄။
စစ်တွေ၊ကျောက်ဖြူနဲ့ မာန်အောင်ကို ဆက်သိမ်းပိုက်နိုင်ရေး အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေပြီး အာရက္ခပြည်သူတွေလက်ထဲ မကြာမီ ပေးအပ်သွားမယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က နိုဝင်ဘာလ ၁၃ ရက်နေ့ထုတ်ပြန်ပါတယ်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှစတင်ခဲ့တဲ့ အာရက္ခဒေသတကျော့ပြန်တိုက်ပွဲ သုံး နှစ်တာကာလအတွင်း အာရက္ခတပ်တော်ဟာ မြို့တွေတမြို့ပြီးတမြို့ သိမ်းပိုက်ထားပြီး မပြီးဆုံးသေးတဲ့ မြို့သိမ်းတိုက်ပွဲတွေကို ဆက်ဆင်နွှဲနေပါတယ်။
အဲဒီသုံး နှစ်တာ တိုက်ပွဲကာလအတွင်း ခက်ခဲကြမ်းတမ်းမှုတွေနဲ့အတူ အသက်၊ သွေး၊ ချွေး၊ စည်းစိမ်တွေအပြင် သားသမီးရင်သွေးရတနာတွေကိုပါ ပေးဆပ်ပြီး ရက္ခိတလမ်းစဉ် အထမြောက်စေဖို့ ပါဝင်ရပ်တည်ပေးခဲ့ကြတဲ့ ကမ္ဘာအရပ်ရပ်ရှိ အာရက္ခမိဘပြည်သူလူထုတရပ်လုံးကို အထူးအလေးအနက် ဦးညွှတ်ဂုဏ်ပြုတယ်လို့ဆိုပါတယ်။
အဲဒီအပြင် တိုက်ပွဲဝင် အာရက္ခစစ်သည်တော်တွေကို မွေးထုတ်ပေးလိုက်တဲ့ မိခင်တိုင်းနဲ့ အာရက္ခတပ်တော်ရဲ့ တဆယ့်ခုနှစ် နှစ်တာ သမိုင်းတလျှောက် ပေးဆပ်စွန့်လွှတ် အနစ်နာခံခဲ့ကြတဲ့ စစ်သည်၊စစ်မယ်တွေရဲ့ ဂုဏ်ကျေးဇူးတွေဟာ အာရက္ခသမိုင်းမှာ အမြဲတမ်း လင်းလက်တောက်ပြောင်နေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
တကျော့ပြန်တိုက်ပွဲ သုံး နှစ်ပြည့်မြောက်တဲ့နေ့မှာ သတ္တိရှိရှိ အမိန့်နာခံ တိုက်ပွဲဝင်နေကြတဲ့ အာရက္ခစစ်သည်တော်တိုင်းနဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့ရဲ့ ဌာနဆိုင်ရာ ကဏ္ဍအသီးသီးမှာ တာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြတဲ့ ပြည်သူ့ဝန်ထမ်းတိုင်းကို လေးနက်စွာ ဂုဏ်ပြုတယ်လို့လည်းဆိုပါတယ်။









