အင်တာဗျူး
Border News Agency
မြောက်ဦး၊ နိုဝင်ဘာ ၂၆။
ပဋိပက္ခနဲ့အကျပ်အတည်းတွေကြားမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု (GBV / VAW) ဖြစ်စဉ်တွေနဲ့ကျူးလွန်သူတွေ အရေးယူမခံရဘဲ လွတ်မြောက်နေတဲ့အခြေအနေတွေအပေါ် အမြင်သဘောထားကို ဆရာမဒေါ်ညိုအေးက Border News Agency ကို ပြောပြထားပါတယ်။
“ဘေးဒုက္ခဖြစ်နေတဲ့နယ်မြေတွေထဲမှာ ကျွန်မရဲ့တွေ့ကြုံရာဆိုလို့ရှိရင် ၂၀၂၁ နောက်ပိုင်းမှာ အရင်ကထက် မုဒိမ်းမှုတွေ ပိုများလာတယ်။
ပြီးတော့ သူငယ်မုဒိမ်းတွေ များလာတယ်။ သေဆုံးမှုတွေလည်းဆက်တိုက် ရှိလာတယ်။ အခုတောင်မှမကြာသေးခင်ကပဲ မသန်စွမ်းဖြစ်နေတဲ့ အမျိုးသမီးတယောက်ကို အသက် ခုနှစ်ဆယ်လောက်တယောက်က အမ်းမြို့နယ်မှာ မုဒိန်းကျင့်ပြီးတော့ ကြာရှည်မုဒိန်းကျင့်ပြီးတဲ့ အချိန်မှာမှ သွားတိုင်တဲ့ အနေအထားတွေ တွေ့ရတယ်။
အခုကတော့သူ့ကို ဖမ်းဆီးပြီးတော့ စစ်ဆေးနေတယ်ဆိုတာမျိုး ကြားသိနေရတယ်။
ကျွန်မတို့ကတော့ အခုလက်ရှိဖြစ်စဉ်တွေထဲမှာ အနီးကပ်တော့မပါဝင်နိုင်တော့ဘူး။
ဘာကြောင့်လဲဆို ကျွန်မအသက်လည်း ကြီးလာပြီ။ ခရီးတွေ ထွက်ရတာလည်း သွားလာလှုပ်ရှားမှုတွေ မလုပ်နိုင်တဲ့အတွက် အမြဲတမ်းပဲ ဖုန်းနဲ့ပဲအကြံပေးတယ်။ အလုပ်တွေကို ဒီကလုပ်ပေးထားတယ်။
ဒါပေမယ့်ကျွန်မတို့ရဲ့ အမျိုးသမီးအဖွဲ့တွေက အောက်ခြေမှာ အများကြီးအလုပ်လုပ်ဖို့ ရှိပါတယ်။ ကျွန်မ အမြဲတမ်း တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်ပြီးတော့ အမျိုးသမီးတွေနဲ့ ပြောတယ်။ ဒါပေမယ့် တရားရုံးကို ငါးမှုဖြစ်လို့ သုံးခုရောက်ဖို့အတွက် အများကြီးကြိုးစားရတယ်။
အများကြီးလည်း စိန်ခေါ်မှု များတယ်။ ပထမအစက စိန်ခေါ်မှုတွေအများကြီးများတဲ့ အလုပ်တွေကို လုပ်ဖူးခဲ့တယ်။ ဒါပေမယ့်ဒီဘက်ခေတ်မှာကတချို့တချို့သော သူတွေက ပိုပြီးတော့ ကြောက်တရား လွှမ်းမိုးလာတယ်။
ပြီးတော့ အင်မတန်စိုးရိမ်စရာကောင်းတာက မိသားစုတခုပြိုသွားတယ်။ ဥပမာ ယောက်ျားလုပ်တဲ့သူက ဗုံးနဲ့ထိပြီး သေသွားတယ်။ ကျန်ခဲ့တဲ့အမျိုးသမီးက သူ့ရဲ့ သားသမီးတွေကို ကျွေးဖို့မွေးဖို့ကလည်း စားစရာ ရှားပါးနေတဲ့ဖြစ်စဉ်ဖြစ်တဲ့အတွက်နဲ့ တော်တော်လေး စိန်ခေါ်မှုများနေတဲ့ အချိန်မှာ အပြင်ထွက်ပြီးတော့ အမျိုးသမီးလေးတွေက လုပ်ကိုင်စားရတယ်။
အဲဒီကြားထဲမှာ အန္တရာယ် ကြုံတွေ့ရတယ်။ အဲဒါကို ကျွန်မအမြင်နဲ့ ပြောရရင်တော့ တရားဥပဒေစိုးမိုးဖို့ ဆိုတာထက် နီးစပ်ရာက အာဏာတွေသုံးလာတာတွေ တွေ့ရတယ်။
အာဏာတွေကို ဥပဒေမဲ့ပြုတာတွေကို သုံးသပ်ပြီးတော့ စာရင်းနဲ့ကောက်ယူထားတဲ့ အလုပ်ကလေးတွေ စာရင်းဇယားပြုစုထားတာရှိပါတယ်။
ဒါပေမယ့် အဲဒါတွေက ဘာကြောင့်ဖြစ်သလဲဆိုလို့ရှိရင် နီးစပ်ရာမှာလုပ်ကိုင်နေကြတဲ့ လူတွေက တပ်မတော်အပါအဝင် အုပ်ချုပ်ကြတဲ့ရဲအဖွဲ့အပါအဝင် ရှိရှိသမျှသော အမျိုးသားတွေထဲမှာ အမျိုးသားသီးသန့်မကဘူး။ အမျိုးသမီးတွေ အများကြီးပါတယ်။
အဲဒီသူတို့ကြားထဲမှာပါနေတဲ့ အမျိုးသမီးလေးတွေရဲ့ တိုင်ချက်တောင်မှ ကိုယ့်ဟာကိုယ် ထွက်လာတယ်ဆိုတော့ ဘယ်လောက်စိန်ခေါ်မှုများနေမလဲဆိုတာကို မျက်မြင်ကိုယ်တွေ့ ကြုံနေရတာ ဖြစ်တယ်။
အဲဒီကြားထဲမှာမှ ကျူးလွန်ခံရသူ အမျိုးသမီးက အကြောင်းအရင်းနဲ့ တရားရင်ဆိုင်ဖို့ အထိကို ရောက်ဖို့အတွက် ကြိုးစားနေရတဲ့အချိန်မှာ အဲဒီကျူးလွန်သူတွေက ဘောင်ထဲကလွတ်ပြီးတော့ အချုပ်ထဲက ဖောက်ထွက်တာတို့၊ လွတ်သွားတာတို့၊ လွှတ်ပေးလိုက်ရတာတို့ဆိုတဲ့ သတင်းတွေပဲ အများကြီးထွက်တယ်။
တချို့အမှုကတော့ သေဒဏ်ပေးတာ တွေ့ရတယ်။ အားရဝမ်းသာ ရှိတယ်။ ဒါပေမယ့် ကိုင်တွယ်တဲ့ နေရာမှာတော့ အပွင့်လင်းဆုံးပြောရရင် လူတွေက နီးရာဓားကို ကြောက်ကြတယ်။ နီးရာဓား ကြောက်တဲ့အတွက်လည်း စကားကိုပွင့်လင်းစွာမပြောဝံ့တဲ့ လူတွေကြားထဲမှာမှ ကျွန်မတို့က ဖောက်ထွက်ပြီးတော့ အကြံပြုရတာ။ ပြောရတာ။ ဘယ်သူ့မှလည်း အပြစ်ဆိုတာတော့ မဟုတ်ဘူး။
ဒါပေမယ့် အာဏာရှင်ကို တိုက်နေကြတယ်။ သဘောသဘာဝတခုမှာလေ အာဏာရှင် တိုက်ရင်းတိုက်ရင်းနဲ့ မိမိကိုယ်၌က အာဏာတွေကို အလွဲသုံးစားဖြစ်မှန်းမသိ အာဏာရှင်ပြန်ဖြစ်သွားရမယ်ဆိုရင်တော့ လူ့အဖွဲ့အစည်းမှာ တော်တော်လေး စိုးရိမ်နိုင်ခြေ ထိပ်ဆုံးကို ရောက်နေပြီဆိုတာကို ပြောလိုတာ ဖြစ်ပါတယ်။”









