Border News Agency
သံတွဲ၊ စက်တင်ဘာ ၂၉။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ သံတွဲမြို့ကို စစ်ကော်မရှင်တပ်လေကြောင်းအပါအဝင်စစ်ရေယာဥ်တွေကလည်း လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သံတွဲဒေသခံတွေက ဆိုကြပါတယ်။
စစ်ကော်မရှင်တပ်ဟာ စက်တင်ဘာလ ၂၈ ရက်၊ ည ၁၁ နာရီကျော်အချိန်မှာ သံတွဲနဲ့ ဂွဆက်သွယ်ထားတဲ့ လမ်းပိုင်းထဲရှိပဒဲကောကျေးရွာတောင်ဘက်အနီးကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုကြပါတယ်။
အဲဒီအပြင် သံတွဲမြို့အနီးပင်လယ်ပြင်ရှိစစ်ကော်မရှင်ရေတပ်စစ်သင်္ဘောကလည်း ပဒဲကောကျေးရွာအနီးတောင်တန်းတွေကို လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုကြပါတယ်။
“ဂျက်လေယာဥ်နဲ့တောင်တန်းနေရာကို ဗုံးကြဲသွားတာ။ ရွာထဲမှာမကျခဲ့ပါဘူး။ ကံကောင်းတယ်လို့ပြောရမလား။ ထိခိုက်ဒဏ်ရာရရှိသူတွေလည်းမရှိခဲ့ပါဘူး။ ရွာသားတွေကတော့ စိုးရိမ်နေကြတယ်။ ပြီးတော့ ရေတပ်ကလက်နက်ကြီးကျည်တွေပါထပ်ပစ်လို့ထိခိုက်မှာကို ကြောက်လန့်နေကြတယ်။”လို့ သံတွဲဒေသခံတဦးက Border News Agency ကို ပြောပါတယ်။
စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်သလို ရေတပ်ကလည်းလက်နက်ကြီးတွေပစ်ခတ်လို့ သံတွဲမြို့နယ်၊ ပဒဲကောကျေးရွာက နေအိမ်တချို့နဲ့ဘုန်းကြီးကျောင်းဆောင် ပြိုကျပျက်စီးသွားခဲ့တယ်လို့ ဆိုကြပါတယ်။
အဲဒီသံတွဲမြို့၊ ညောင်ပင်ဈေးရပ်ကွက်ကို စက်တင်ဘာလ ၂၇ ရက်နေ့ညကလည်း စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့်အသက်လေးဆယ်အရွယ် ဦးညီညီသေဆုံးပြီးအသက်ခြောက်နှစ်အရွယ်မောင်သန့်ဇင်ဖြိုး၊ အသက်ဆယ့်လေးနှစ်အရွယ်မောင်အောင်သီဟစိုး၊ အသက်သုံးဆယ်ခုနှစ်နှစ်အရွယ်ကိုယ်ဝန်ဆောင်ဒေါ်ခင်ခင်ဌေး ၊အသက်ငါးဆယ့်သုံးနှစ်အရွယ်ဒေါ်ခင်ထွေး၊ အသက်လေးဆယ်နှစ်နှစ်အရွယ်ဦးထွန်းနိုင်မင်း၊ အသက်ငါးဆယ်လေးနှစ်အရွယ်ဒေါ်မပုလေးဒဏ်ရာရရှိသွားကြပါတယ်။
အဲဒီအပြင် ဗုံးကျရောက်ပေါက်ကွဲမှုလိုသံတွဲမြို့နယ်၊ အမှတ် ၄ ရပ်ကွက်က ဦးမြဟန်နေအိမ်၊ အမှတ်၄ ရပ်ကွက်ညောင်ပင်ဈေးရပ်မှဦးမှဲ့လေးအိမ်အပါအဝင် လူနေအိမ်ရှစ်လုံးပျက်စီးသွားခဲ့တယ်လို့ သံတွဲဒေသခံတွေက ဆိုကြပါတယ်။
တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်ရှိတပ်ဦးဘုန်းကြီးကျောင်းကို စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ကျောင်းဆောင်ပျက်စီးသွားခဲ့တယ်လို့ ဆိုကြပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်တာတွေ နေ့စဥ်ရက်ဆက်ပြုလုပ်နေတာမို့ အရပ်သားပြည်သူတွေ သေဆုံးဒဏ်ရာရနေကြရပါတယ်။
စစ်ကော်မရှင်တပ်ဟာ သံတွဲ၊ တောင်ကုတ်၊ အမ်း၊ ဂွစတဲ့မြို့နယ်တွေမှာလည်းလာမယ့်ရွေးကောက်ပွဲပြုလုပ်မယ်လို့ထုတ်ပြန်ထားပြီးနောက် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုင်းပြုလုပ်နေတာပါ။






